ခရီးသွားခွင့် တားဆီးခံမှုနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ မည်သို့ အရေးယူဆောင်ရွက်မည်ကို စောင့်ကြည့်ပြီး လိုအပ်သလို တုန့်ပြန်သွားမည်ဟုဆို

“အဓိကတော့ ဒီကိစ္စက နိုင်ငံသားတစ်ယောက်ရဲ့အခြေခံအခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေဖြစ်တယ်။ နောက်ပြီးတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အခြေအနေတွေ ကို သိချင်လို့ ဒီလောက်စောင့်ကြည့်နေခဲ့တာပေါ့။ နောက်ပြီးတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေအနေနဲ့ ဒီကိစ္စအပေါ် ဘယ်လိုလုပ်ကိုင်ဆောင်ရွက်မလဲ ဆိုတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့အနေနဲ့ တုန့်ပြန်ဆောင်ရွက်သွားမယ် ”

By ခင်သရဖီဦး 30 Aug 2018

သြဂုတ် ၃၀၊ ခင်သရီဖီဦး

ရှမ်းပြည်နယ်အတွင်း ခရီးသွားလာခွင့်တားဆီးခံသည့် ရခိုင်လူငယ်များနှင့်ပတ်သက်ပြီး သြဂုတ်လ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ရခိုင်အမျိုးသားကွန်ရက်ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ကာ ခရီးသွား ခွင့်တားဆီးရမှု နှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ မည်သို့ အရေးယူဆောင်ရွက် သွားမည်ကို စောင့်ကြည့်ပြီး လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဟု ရခိုင်အမျိုး သား ကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူူးအောင်ကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်သို့ အလုပ်လုပ်ကိုင်ရန် သွားရောက် ခဲ့သော ရခိုင်လူငယ်များကို ကွန်ဟိန်းမြို့နယ်ရှိ ၊ တံလွင်တံတားစစ်ဆေးရေးဂိတ်၌ တားဆီးပြီး ဖြတ်သန်းခွင့် တားဆီးကာ လှည့်ပြန်ခိုင်းခဲ့သဖြင့် ၁၁/ မှတ်ပုံတင်ကိုင်ဆောင်သော ရခိုင်လူငယ် ၂၉ ဦးမှာ တောင်ကြီးမြို့ သို့ လမ်းလျှောက်ပြန်လာခဲ့ကြခြင်းဖြစ်သည်။

ခရီးသွားလာခွင့် တားဆီးခံရမှုနှင့်ပတ်သက်ပြီး ရခိုင်အမျိုး သား ကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူူးအောင်က DMG ကို ယခုလိုပြောသည်။

“အဓိကတော့ ဒီကိစ္စက နိုင်ငံသားတစ်ယောက်ရဲ့အခြေခံအခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေဖြစ်တယ်။ နောက်ပြီးတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အခြေအနေတွေ ကို သိချင်လို့ ဒီလောက်စောင့်ကြည့်နေခဲ့တာပေါ့။ နောက်ပြီးတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေအနေနဲ့ ဒီကိစ္စအပေါ် ဘယ်လိုလုပ်ကိုင်ဆောင်ရွက်မလဲ ဆိုတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့အနေနဲ့ တုန့်ပြန်ဆောင်ရွက်သွားမယ် ”ဟု ကိုတင်ထူးအောင် ကပြောသည်။

ခရီးသွားသည့် ရခိုင်လူငယ်များကို တားဆီးခြင်းမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့မှ တားဆီးခိုင်းခဲ့ခြင်းမျိုး မဟုတ်ပဲ စ.ရ.ဖ မှ တားဆီးခိုင်းခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။ တားဆီးခံရခြင်း နှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးစိုင်းအောင်ကျော်ဦးက DMG ယခုလိုသုံးသပ်ပြောဆိုထားသည်။

“အမှန်ကတော့ ဒါက၊ ကတယ်တမ်းအချက်အလက် အထောက်အထားမှတ်ပုံတင်အပြည့်စုံ နိုင်ငံသားအမှန်ကန် ဆိုတော့ ဘယ်ခရီးသွားမဆို သွားလာခွင့်ရှိပါတယ်။ ဒါကနိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးပဲလေ။ အဲဒီလိုပဲ ကျွန်တော်မြင်တယ်။ ”ဟုပြောသည်။

ခရီးသွားခွင့်တားဆီးခြင်းခံခဲ့ရသော ရခိုင်လူငယ်များမှာ စုစုပေါင်း ၅၁ ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ လူမှုအဖွဲ့အစည်းအများနှင့် သံဃာတော်၏ အကူညီဖြင့် ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လျှက်ရှိ ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်မှ အကြောင်းအမျိုးမျိုးကြောင့် အလုပ်အကိုင်သွားရောက်လုပ်ကိုင်ကြသော လူငယ်များကို ၂၀၁၀ ခုနှစ် မတိုင်ခင်ကလည်း တင်္နသာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့၊ မွန်ပြည်နယ် ရဲမြို့နယ်နှင့် ကောကရိတ်နှင့်် မြဝတီ လမ်းကြောင်းများတွင် ဖမ်းဆီးကာ ပြန်လွှတ်ခဲ့သည်များလည်းရှိသည်။

ဗီဒီယိုများ