ဂီရိမုန်တိုင်းကြောင့် ကျိုးပေါက်သွားသော ကာရီ(ဆည်)ကို ပြုပြင်မှု နှောင့်နှေးနေသောကြောင့် လယ်သမား (၄၀၀) ခန့် အခက်တွေ့

"မိသားစုစားဝတ်နေရေး အခက်အခဲအများကြီးရှိပါတယ်။ ကျွန်မတို့မှာ မိသားစုတွေလည်းများတယ်။ ဒီကာရီက လုပ်ကိုင်စားလို့ မရတော့ အခက်အခဲတွေက အများကြီးရှိပါတယ်။ ဒီကာရီအခက်အခဲရှိလို့ သားသမီးတွေလည်း ကျောင်းမတက်ရတော့ဘူး။ လင်သားတွေဆိုရင်လည်း ဒီကာရီကိုမှီခိုပြီး စားသောက်လို့မရတဲ့အတွက် သူများနိုင်ငံမှာ အလုပ်သွားလုပ်နေရတယ်"

By ခိုင်မင်း(ကျောက်ဖြူ) 08 Nov 2018

ခိုင်မင်း(ကျောက်ဖြူ) / DMG

နိုဝင်ဘာ ၈ ၊ ကျောက်ဖြူ

ကျောက်ဖြူမြို့နယ်၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ ခညှင်းချိန်ကာရီမှာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က တိုက်ခက် ခဲ့သော ဂီရိမုန်တိုင်းကြောင့် ကျိုးပေါက်ပျက်စီးသွားရာ  ပြန်လည်ဆည်ဖို့နေသော်လည်း ယခုအချိန်ထိ ပြီးစီး အောင် ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် လယ်သမား (၄၀၀) ဦးခန့်မှာ အခက်အခဲများနှင့် ကြုံတွေ့နေရ သည်။

ယင်းကာရီဆည်ဖို့မှု မပြီးစီးသေးသောကြောင့် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကြသည့် ရွှေညိုမကျေးရွာအုပ်စု၊ ကျောက်ကြီးပြင်ကျေးရွာအုပ်စု၊ လဟာကြီးကျေးရွာအုပ်စုများမှာ ပါဝင်သည့် ကျေးရွာ (၅)ရွာမှ လယ်သမားများမှာ စပါးစိုက်ပျိုးရန် အဆင်မပြေဖြစ်နေကြသည်။ 

“ကျွန်တော်တို့က ဖြစ်နိုင်မယ်ဆိုရင် ဒီနှစ်မိုးရာသီမှာ ကျွန်တော်တို့ အသီးစိုက်ပျိုးချင်ပါတယ်။ ကျွန်တော်တို့ အဲဒီလို အသီးမစိုက်ပျိုးနိုင်ခဲ့ရင် ကျွန်တော်တို့မိသားစု၊ ဒေသခံတွေရဲ့အခက်အခဲ စားဝတ်နေရေးတွေ အင်မတန် ဒုက္ခရောက်နေပါတယ်။ စပါးမစိုက်ရတဲ့နှစ်တွေကလည်း များနေပြီဆိုတော့ ဒီနှစ်မှာတော့ မဖြစ်ဖြစ်အောင် ဒီကာရီမှာ အသီးစိုက်ပျိုးချင်ပါတယ်" ဟု ရွှေညိုမကျေးရွာမှ ကိုကျော်စိုးသန်းက ဆိုသည်။

ခညှင်းချိန်ကာရီ ကျိုးပေါက်သွားပြီးနောက် တောင်သူလယ်သမားများအနေဖြင့် စားဝတ်နေရေး အဆင်မပြေ မှုများ ရှိနေသည်။ အလုပ်အကိုင် အဆင်မပြေသောကြောင့် နေရပ်စွန့်ခွာပြီး နိုင်ငံခြားသို့ သွားရောက်အလုပ် လုပ်ကိုင်နေရသည်ဟု ဒေသခံ ဒေါ်ခင်မာစန်းက ပြောသည်။

"မိသားစုစားဝတ်နေရေး အခက်အခဲအများကြီး ရှိပါတယ်။ ကျွန်မတို့မှာ မိသားစုတွေလည်းများတယ်။ ဒီကာရီက လုပ်ကိုင်စားလို့ မရတော့ အခက်အခဲတွေက အများကြီးရှိပါတယ်။ ဒီကာရီအခက်အခဲရှိလို့ သားသမီးတွေလည်း ကျောင်းမတက်ရတော့ဘူး။ လင်သားတွေဆိုရင်လည်း ဒီကာရီကိုမှီခိုပြီး စားသောက်လို့မရတဲ့အတွက် သူများနိုင်ငံမှာ အလုပ်သွားလုပ်နေရတယ်" ဟု ၎င်းက ဆိုသည်။

ခညှင်းချိန်ကာရီကို လွန်ခဲ့သည့် ၂၀၁၁-၂၀၁၂ခုနှစ်အတွင်း ကျောက်ဖြူမြို့ရှိ ပရဟိတအဖွဲ့အစည်း၏ ကူညီမှု ဖြင့် တစ်ကြိမ်နှင့် ၂၀၁၂-၂၀၁၃ခုနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေ ကျပ်သိန်း(၁၆၀၀)ဖြင့် ဆည်မြောင်းဦးစီးမှ တစ်ကြိမ် ဆည်ဖို့ခဲ့သော်လည်း  ပြန်လည်ကျိုးပေါက်သွားသည်။

ယင်းကြောင့်  ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ပြန်လည်ဆည်ဖို့သွားသော်လည်း မပြီးမြောက်သေးပေ။

"ခညှင်းချိန်ကာရီကို ပုံစံတကျပြုပြင်ခြင်းနဲ့ (၅'×၆') (၃)ပေါက် ကွန်ကရစ်ရေတံခါးတစ်လုံးတည်ဆောက်ခြင်း လုပ်ငန်းကို ကျွန်တော်တို့ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၂၀၁၇-၂၀၁၈ ခု ရန်ပုံငွေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော် တို့ဆောင်ရွက်တဲ့လုပ်ငန်းကတော့ ပေပေါင်းကတော့(၄၀၈၀၀)ပေ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ တာရိုးတာဘောင်တွေကို ဆည်ဖို့ရခြင်းဖြစ်ပါတယ်။ ဒီလုပ်ငန်းက ချောင်းပိတ်နဲ့ ကျိုးပေါက်လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ကျန်ရှိနေပါသေးတယ်" ဟု ကျောက်ဖြူခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးသက်လင်းထွန်းက ပြောသည်။

ဒေသခံတောင်သူ(၄၀၀)ကျော် အနေဖြင့် လာမည့်စိုက်ပျိုးရေးရာသီတွင် စပါး စိုက်ပျိုးနိုင်ရန်အတွက်  ကာရီအား အမြန်ဆုံးပြုပြင်ပေးရန် လိုလားနေကြသည်။

ဗီဒီယိုများ