ဂူတာပြင်ရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့် ရုပ်အလောင်းများမရှိဟု ကျေးရွာအုပ်ချုပ်ရေးမှူးငြင်း

အေပီသတင်းဌာနကို ကိုးကားပြီး ဗွီအိုအေ၊ ဘီဘီစီနှင့် အာအက်အေ စသည့် သတင်းဌာနများတွင် ကျယ်ပြန့်စွာ ရေးသားနေသော ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာတွင် ရာနှင့်ချီသော ရုပ်အလောင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့်သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

02 Feb 2018

ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ၂၀၁၈ ခုနှစ်။   ။   အေပီသတင်းဌာနကို ကိုးကားပြီး ဗွီအိုအေ၊ ဘီဘီစီနှင့် အာအက်အေ စသည့် သတင်းဌာနများတွင် ကျယ်ပြန့်စွာ ရေးသားနေသော ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာတွင် ရာနှင့်ချီသော ရုပ်အလောင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့်သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် ဘင်္ဂါလီများကို သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ကျင်း ၅ ကျင်း ထပ်မံတွေ့ရှိသည်ဆိုသည့် အေပီသတင်းမှာ လိမ်လည်ခြင်းသာ ဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး မာမတ်အာမိန်က ပြောသည်။

" မဟုတ်ပါဘူး ခင်ဗျာ။ လုံးဝမဟုတ်ပါဘူး။ ဒီသတင်းတွေက အလိမ်သတင်းတွေပါ။ ကျွန်တော်တို့ရွာက ကျေးရွာသူ ကျေးရွာသားများ အေးချမ်းစွာ နေထိုင်လျှက်ရှိနေပါတယ်။ " ဟု ၎င်းက DMG ကို အတည်ပြု ပြောကြားသည်။

ဂူတာပြင်ကျေးရွာတွက် လက်ရှိ အိပ်ထောင်စု ၉၆ စု လူဦးရေ အမျိုးသား ၄၀၉ ဦးနှင့် အမျိုးသမီး ၃၉၁ ဦး စုစုပေါင်း ၈၀၀ ဦးရှိပြီး ဘင်္ဂါလီ၊ ဒိုင်းနက်နှင့် အခြားတိုင်းရင်းသားများ နေထိုင်လျှက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး မာမတ်အာမိန်က ပြောသည်။

လွတ်မြောက်လာသူများ ပြောဆိုချက်အရဆိုပြီး သေဆုံးသူ စုစုပေါင်း ၄၀၀ ခန့်ရှိနိုင်ကြောင်း အေပီသတင်းဌာနက ရေးသားထားပြီး ၎င်းသတင်း မှန်ကန်ခြင်းရှိ၊ မရှိကို ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှူးကို မေးကြည့်ရာ ယခုအချိန်ထိ လူသေလောင်းတွေ့ရှိသည့်သတင်း မကြားသိရကြောင်း DMG ကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အစိုးရးအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကလည်း လူသေလောင်းများ တွေ့ရှိခြင်းသတင်းကို ဒေသန္တရအာဏာပိုင်များဖြင့် ဆန်းစစ်သွားမည်ဟု ဘီဘီစီသတင်းအရ သိရသည်။

ဂူတာပြင်ကျေးရွာတွင် လူရာနှင့်ချီ သတ်ဖြတ်ခံထားရသည်ဆိုသည့် အချက်အလက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးလာကြည့်သော ဘင်္ဂါလီများပြောဆိုချက်များနှင့် ဂြိုဟ်တုကနေ ရိုက်ယူထားသည့် ဓါတ်ပုံများနှင့် ကိုက်ညီမှုရှိသည်ဟု အေပီသတင်းဌာနက ပြောသည်။

မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုဿန်တွင် အကြမ်းဖက်သမား ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိပြီးနောက် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် လူလောင်းများမြှုပ်နှံထားသည့် ကျင်း ၅ ကျင်းတွေ့ရှိသည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သေချာစုံစမ်းစစ်ဆေးမှုပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ဆိုင်ရာအခြေအနေများကို လေ့လာရန် ကုလသမဂ္ဂခန့်အပ်ထားသည့် အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက တိုက်တွန်းလိုက်သည်။

ဗီဒီယိုများ