ငပလီကမ်းခြေ Public ဧရိယာ၌ ဖွင့်လှစ်ထားသော ဈေးဆိုင်ခန်းများ ဖျက်သိမ်းခြင်းမရှိ၍ ဒေသခံများ သတင်းစာရှင်းလင်းပွဲပြုလုပ်

ငပလီကမ်းခြေ ဇီးဖြူကုန်းရပ်ကွက်ရှိ Public မြေဧရိယာရှိ ဆိုင်ခန်းများအား ရခိုင်ပြည်နယ်အစိုးရမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းခွင့် ချမှတ်ခဲ့သော်လည်း ယနေ့အချိန်ထိ ဖျက်သိမ်းခြင်းမရှိသောကြောင့် ဒေသခံများက သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို စစ်တွေမြို့ မြလက်ဘက်ရည်ဆိုင်တွင် ဒီဇင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

By ဇင်စုခိုင်၊ ဟန်နီခြူး 08 Dec 2017

(ငပလီကမ်းခြေ ဇီးဖြူကုန်းရပ်ကွက်ရှိ Public ဧရိယာအတွင်း၌ ဆောက်လုပ်ထားသော ဈေးဆိုင်ခန်းများအား တွေ့ရစဉ်။ ဓါတ်ပုံ - DMG)

ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၇ ခုနှစ်။   ။  ငပလီကမ်းခြေ ဇီးဖြူကုန်းရပ်ကွက်ရှိ Public မြေဧရိယာရှိ ဆိုင်ခန်းများအား ရခိုင်ပြည်နယ်အစိုးရမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းခွင့် ချမှတ်ခဲ့သော်လည်း ယနေ့အချိန်ထိ ဖျက်သိမ်းခြင်းမရှိသောကြောင့် ဒေသခံများက သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို စစ်တွေမြို့ မြလက်ဘက်ရည်ဆိုင်တွင် ဒီဇင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် “ ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်လိုက်တဲ့ အမိန့်တစ်ခုဟာ ဇီးဖြူကုန်းရပ်ကွက်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်း၊ ခရိုနီအုပ်စုတွေလောက်တောင် အာဏာမရှိဘူးလားလို့တောင် ပြောချင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေ ဘယ်လိုကိုယ်တွယ်ဖြေရှင်းပေးသွားမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ” ဟု ဇီးဖြူကုန်းရပ်ကွက်နေ ဦးညီလေးက ပြောသည်။

ဆက်လက်ပြီး ဒေသခံပြည်သူများ လိုက်ချက်ကိုသာ ရမလာခဲ့ပါက မရရသော နည်းလမ်းဖြင့် ယင်း Public ဧရိယာနှင့် ပတ်သက်၍ ဆန္ဒပြသွားရန် အစီအစဉ်ရှိကြောင်း ဦးညီလေးက ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ် လက်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်း အဝေးအမှတ် (၃/၂၀၁၇) ဆုံးဖြတ်ချက် အပိုဒ် (၇)၊ အပုဒ်ခွဲ (ဇ) အရ မူလရည်ရွယ်ချက်အတိုင်း Public ဧရိယာအဖြစ် ထားရှိသွားရန်နှင့် ဆိုင်ခန်း ဆောက်လုပ်နေမှုများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဖယ်ရှားသွားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

အဆိုပါဈေးဆိုင်ခန်းများ ဆောက်လုပ်သည့်အခါတွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို အသိပေးခဲ့ခြင်းမရှိသလို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဆိုင်ခန်းများကို အပြီးဖယ်ရှားပေးရန် အကြောင်းကြားခဲ့သော်လည်း လိုက်နာမှုမရှိသည့်အတွက် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အပြီးဖယ်ရှားပေးဖို့ ဒီဇင်ဘာလ ၇ ရက်နေ့က ဒုတိယအကြိမ် အကြောင်းကြာစာကို ပေးဖို့ထားကြောင်း ငပလီမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က ပြောသည်။

ဗီဒီယိုများ