ငပလီမှာ ကာစီနိုလောင်းကစားရုံဖွင့်ပါက ရခိုင်ပြည်တိုးတက်မည်ဟု ဝန်ကြီး ဦးကျော်အေးသိန်းပြောကြား

ဥပဒေများပြောင်းလဲလာပါက ကမ္ဘာမှာနာမည်ကြီး လောင်းကစားတစ်မျိုးဖြစ်သည့် ကာစီနို (Casino) လောင်းကစားရုံကို ငပလီကမ်းခြေတွင် ဖွင့်လှစ်ခွင့်ရလျှင် ရခိုင်ပြည်နယ်သည် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်နယ် စီမံ၊ စီးပွား ဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

31 Oct 2017

(မြန်မာနိုင်ငံတွင် ကာစီနိုင်လောင်းကစားကို ဥပဒေအရကန့်သတ်ထားပြီး လုံးဝဖွင့်လှစ်ခွင့်မရှိ။ ဓါတ်ပုံ-Google )

အောက်တိုဘာ ၃၁၊ ၂၀၁၇ ခုနှစ်။   ။   ဥပဒေများပြောင်းလဲလာပါက ကမ္ဘာမှာနာမည်ကြီး လောင်းကစားတစ်မျိုးဖြစ်သည့် ကာစီနို (Casino) လောင်းကစားရုံကို ငပလီကမ်းခြေတွင် ဖွင့်လှစ်ခွင့်ရလျှင် ရခိုင်ပြည်နယ်သည် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်နယ် စီမံ၊ စီးပွား ဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့က ပြည်နယ်အစိုးရရုံး၌ ပြုလုပ်သည့် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းဆွေးနွေးပွဲတွင် ငပလီကမ်းခြေ၌ ဟိုတယ်ဇုန်အသစ်ဖော်မည့် မောင်ရွှေလုံး ကမ်းခြေ (ကျွန်းငယ်) နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရာတွင် ဝန်ကြီး ဦးအေးသိန်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ တကယ်လို့သာ ဥပဒေတွေ ပြောင်းလဲလာလို့ရှိရင် 5 Star ဟိုတယ်တွေ ဖွင့်ပြီးတော့မှ ကာစီနိုလောင်းကစားဝိုင်းတွေ လုပ်လိုက်မယ်ဆိုရင်တော့ တကယ့်ကိုအခွင့်အလမ်းရှိတဲ့ နေရာလေး ဖြစ်လာမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ဟာက သီးခြားကျွန်းဆွယ်လို ဖြစ်နေတဲ့အတွက် သူ့ကို လုံခြုံရေးအရရော၊ ဝင်ထွက်တဲ့အပိုင်းတွေပါ ထိန်းသိမ်းနိုင်တဲ့ ဖြစ်တဲ့အတွက် ကာစီနိုင်ကစားဝိုင်းတွေ ဖွင့်ပေးလိုက်ရင်တော့ ကျနော်တို့ ရခိုင်ကတော့ တော်တော်လေးကို မြန်မြန်ဆန်ဆန် တိုးတက်နိုင်တယ်ဆိုတဲ့ အကြောင်းလေးပါ။ ” ဟု ပြောကြားခဲ့သည်။

ငပလီကမ်းခြေတွင် ငပလီလေဆိပ်ကနေ မြပြင်ရပ်ကွက်အထိ ဟိုတယ်ဇုန်သတ်မှတ်ထားပြီး လက်ရှိ ဟိုတယ်များ တိုးလာသည့်အတွက် နေရာအခက်အခဲရှိနေသောကြောင့် ငပလီကမ်းခြေနှင့် တစ်ဆက်တည်းဖြစ်သည့် မောင်ရွှေလုံးကမ်းခြေတွင် ဟိုတယ်ဇုန် အသစ်ကို ရခိုင်ပြည်နယ် အစိုးရက စီစဉ်နေခြင်းဖြစ်သည်။

ယင်းဟိုတယ်ဇုန်အသစ်တွင် ကာစီနိုလောင်းကစားရုံ ဖွင့်လှစ်နိုင်ရန် မျှော်လင့်ပြီး စီစဉ်ရေးဆွဲထားခြင်းဖြစ်သည်။

ကာစီနို (Casino) သည် ကမ္ဘာမှာလူကြိုက်လည်းများသလို နာမည်ကြီး လောင်းကစား ဂိမ်းအမျိုးအစားတစ်ခုဖြစ်သည်။ ကာစီနို လောင်းကစားကို အာရှာထဲက နိုင်ငံအပါအဝင် နိုင်ငံအချို့တွင် ခွင့်ပြုထားပြီး အစိုးရက အခွန်ကောက်သည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခုလည်းဖြစ်သည်။

သို့သော်မြန်မာနိုင်ငံတွင် ယင်းကာစီနိုင်လောင်းကစားကို ဥပဒေအရ ကန့်သတ်ထားပြီး လုံးဝဖွင့်လှစ်ခွင့်မရှိဟုလည်း သိရသည်။

(မြန်မာနိုင်ငံတွင် ကာစီနိုင်လောင်းကစားကို ဥပဒေအရ ကန့်သတ်ထားပြီး လုံးဝဖွင့်လှစ်ခွင့်မရှိ။ ဓါတ်ပုံ-Google )

 

ဗီဒီယိုများ