စစ်တွေမြို့မဈေးရှိ ပျံကျဈေးသည်များကို သီးသန့်နေရာသို့ ပြောင်းရွှေ့ရန်စီစဉ်

“အစ်မတို့လို ပျံကျဈေးသည်တွေက ဆိုင်တွေကို ထပ်ပြီးခင်းရတော့ ဈေးဆိုင်ခန်းတွေ ရှေ့မှာ ကွယ်သလိုဖြစ်နေပြီး သူတို့ကမကြိုက်တော့ ရောင်းရတာအဆင်မပြေဘူး။ ဈေးသည်အချင်းချင်း အဆင်မပြေမဖြစ်ချင်ဘူး၊ တစ်ရက်တစ်ရက် ရတဲ့နေရာမှာ ဆိုင်ကို ရွှေ့ပြီးရောင်းရတယ်”

By နော်ဂျွန်ဘလက်ဇင်သော 29 Apr 2019

နော်ဂျွန်ဘလက်ဇင်သော / DMG

ဧပြီ ၂၉ ၊ စစ်တွေ

စစ်တွေမြို့မဈေးရှိ ပျံကျဈေးသည်များကို မြို့လည်ချောင်းရှိ မြေဖို့ထားသည့် ဧရိယာတွင် ပြောင်းရွှေ့နေရာချထားရန် လုပ်ဆောင်နေကြောင်း ဈေးတာဝန်ခံ ဦးတင်မင်းဇော်ထံမှ သိရသည်။

၎င်းဈေးသည်များအတွက် အမိုးအကာများဆောက်လုပ်ရန် ရခိုင်ပြည်နယ်အစိုးရထံ ဘတ်ဂျက်တင်ပြထားပြီး ခွင့်ပြုချက်ကျသည်နှင့်တစ်ပြိုင်နက် ပြောင်းရွှေ့မှုကို ယခုနှစ် အတွင်းပြီးစီးအောင် ဆောင်ရွက်လိုကြောင်း ဦးတင်မင်းဇော်ကပြောကြားသည်။

ပျံကျဈေးသည်များပြောင်းရွှေ့မည့် အစီအစဉ်မှာ ယခင်ကတည်းကရှိကြောင်း စစ်တွေ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးက ပြောသည်။

“ကမ်းနားလမ်းမှာရောင်းနေတဲ့ ပျံကျဈေးသည်တွေကို BXT က လုပ်ထားတဲ့ မြေ ၂ ဧက ပေါ်မှာ တစ်စိတ်တစ်ပိုင်း နေရာချပေးမယ်ဆိုပြီး အစကတည်းကအစီအစဉ်ရှိတယ်” ဟု ဦးကျော်မိုးက ပြောသည်။

ဆိုင်ခန်းများရေးဆွဲတည်ဆောက်ရန် ဘတ်ဂျက်ရေးဆွဲထားသော်လည်း ခွင့်ပြုချက် မကျသေးသဖြင့် အကောင်အထည်ဖော်ရန် နောက်ကျနေကြောင်းလည်း ၎င်းကဆိုသည်။

စစ်တွေမြို့မဈေးတွင် ဈေးအကျယ်အဝန်းနှင့် ဈေးသည်အရေအတွက်မှာ အချိုးအစား မမျှမှုကြောင့် ပျံကျဈေးသည်များ များပြားလျက်ရှိရာ ဈေးပတ်ဝန်းကျင်တွင် ယာဉ်ကြော ပိတ်ဆို့မှုမှာလည်း နေ့စဉ်မြင့်တက်လျက်ရှိနေသည်။

ပျံကျဈေးသည်များမှာ ဈေးရောင်းရာတွင် နေရာလုရခြင်း၊ ဆိုင်ကယ်ရပ်ရန် နေရာများတွင် ရောင်းပါက ဈေးကောက်အပြင် ဆိုင်ကယ်ဈေးကောက်ထံလည်း ငွေကြေးပေးဆောင် ရသည့် နေ့များရှိကြောင်းလည်း ပျံကျဈေးသည်များက ပြောကြသည်။

“တစ်ရက်စာတစ်ရက်မလုံလောက်၊ စားဝတ်နေရေးအဆင်မပြေဖြစ်တယ်၊ မနက်ပိုင်းဆိုရင် အသားငါးတွေရောင်းတဲ့ဈေးသည်တွေကို ဦးစားပေးရတယ်။ သူတို့ရောင်းပြီးမှ နေရာ ရတယ်” ဟု မုန့်တီသည် ဒေါ်သိန်းစိုးက ပြောသည်။

ရေခဲသုပ်သည် ဒေါ်ဖြူမကလည်း ပျံကျဈေးသည်များအနေဖြင့် ဈေးရောင်းရန်နေရာ တစ်နေရာရလျှင် အဆင်ပြေနိုင်ကြောင်း ဆိုသည်။

“အစ်မတို့လို ပျံကျဈေးသည်တွေက ဆိုင်တွေကို ထပ်ပြီးခင်းရတော့ ဈေးဆိုင်ခန်းတွေ ရှေ့မှာ ကွယ်သလိုဖြစ်နေပြီး သူတို့ကမကြိုက်တော့ ရောင်းရတာအဆင်မပြေဘူး။ ဈေးသည်အချင်းချင်း အဆင်မပြေမဖြစ်ချင်ဘူး၊ တစ်ရက်တစ်ရက် ရတဲ့နေရာမှာ ဆိုင်ကို ရွှေ့ပြီးရောင်းရတယ်” ဟု ၎င်းကပြောသည်။

နေရာအခက်အခဲကြောင့် ယခင်က ဈေးသည်အချင်းချင်း ပြဿနာဖြစ်ပွားမှုများရှိခဲ့ပြီး ဆိုင်နေရာမှာလည်း တစ်ရက်နှင့်တစ်ရက် အတည်တကျမရောင်းရသဖြင့် အခက်အခဲ ဖြစ်ရကြောင်း ပျံကျဈေးသည်များက ပြောကြသည်။

ဗီဒီယိုများ