စစ်ဘေးရှောင်များကို ကယ်ဆယ်ရေးပေးရန်လာသည့် ပခုက္ကူကျောင်းသားများကို လုံခြုံရေးအကြောင်းပြပြီး တားမြစ်

“ကျွန်တော်တို့ သွားချင်တဲ့နေရာအထိ သွားလို့မရခဲ့ဘူး။ လုံခြုံရေးအကြောင်းပြပြီး ကျွန်တော်တို့ကို သွားခွင့်မပြု ဘူး။ သွားလို့မရဘူးဆိုပြီးတော့ ကျွန်တော်တို့ကို အကြောင်းမျိုးမျိုးကြားမှာ ဟန့်တားထားတယ်”ဟု ချင်းကျောင်းသားသမဂ္ဂ (ပခုက္ကူ) ဥက္ကဋ္ဌ ဆလိုင်းဗန်းဘီးနှီးဆာက DMG ကိုပြောသည်။

By ဝင်းညွန့် 21 Oct 2019

ဓာတ်ပုံ - စံမြတ်ရွှေ

ဝင်းညွန့် | DMG

အောက်တိုဘာ ၂၁၊ စစ်တွေ

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့  စားနပ်ရိက္ခာများ လှူဒါန်းရန်လာရောက်ကြသည့် ပခုက္ကူ ကျောင်းသားသမဂ္ဂအဖွဲ့ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်နယ်အစိုးရအဖွဲ့က သွားရောက်ခွင့်ပိတ်ပင် လိုက်ကြောင်း ယင်းအဖွဲ့ထံကသိရသည်။

အဆိုပါ အဖွဲ့သည် ပခုက္ကူမြို့မှ ရခိုင်ပြည်နယ်သို့လာရောက်ရာတွင် အောက်တိုဘာလ (၁၈)ရက်နေ့ကလည်း အမ်းမြို့နယ်၌ အာဏာပိုင်များ၏ တားဆီးမှုကိုခံရသဖြင့် ခရီးထွက်ခွာခွင့်မရရှိခဲ့ပေ။ ထို့နောက် ပြည်နယ်လွှတ်တော်၏ ကြားဝင်ဖြေရှင်းပေးမှုကြောင့် ခရီးဆက်လက်ထွက်ခွါခွင့်ရရှိခဲ့ပြီး မင်းပြားမြို့သို့အရောက်တွင် အောက်တိုဘာလ ၂၀ ရက်နေ့က ဒုတိယအကြိမ် ထပ်မံတားဆီးခြင်းခံလိုက်ရခြင်း ဖြစ်သည်။

“ကျွန်တော်တို့ သွားချင်တဲ့နေရာအထိ သွားလို့မရခဲ့ဘူး။ လုံခြုံရေးအကြောင်းပြပြီး ကျွန်တော်တို့ကို သွားခွင့်မပြု ဘူး။ သွားလို့မရဘူးဆိုပြီးတော့ ကျွန်တော်တို့ကို အကြောင်းမျိုးမျိုးကြားမှာ ဟန့်တားထားတယ်”ဟု ချင်းကျောင်းသားသမဂ္ဂ (ပခုက္ကူ) ဥက္ကဋ္ဌ ဆလိုင်းဗန်းဘီးနှီးဆာက DMG ကိုပြောသည်။

၎င်းတို့သည် စစ်ဘေးရှောင်များရှိနေသည့် ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းချင်သော်လည်း အစိုးရ၏ တားမြစ်မှုကြောင့် ၎င်းတို့၏ ကယ်ဆယ်ရေးပစ္စည်းများကို မိမိတို့ကိုယ်တိုင်လှူဒါန်းခွင့်မရဘဲ မင်းပြား မြို့ရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ခုထံ လွဲှပြောင်းပေးခဲ့ရကြောင်း ၎င်းကဆက်လက်ဆိုသည်။

“အဲဒီလို သွားရောက်လှူဒါန်းတဲ့သူတွေကို အခုလိုပိတ်ပင်ထားတဲ့အတွက် ပြည်သူတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်။ စားနပ်ရိက္ခာလုံးဝ အဆင်မပြေဘူးလို့ ပြောသံကြားတယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း ဒီဟာကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူချင်တာရော၊ နောက်ပြီးတော့ အစိုးရက ကူညီပေးတယ်ဆိုပြီးမှ ပြည်သူတွေကလည်း သူတို့က အစိုးရရဲ့အထောက်အပံ့ကို လုံးဝမရဘူးလို့ သူတို့ကိုယ်တိုင်ကလည်း ပြောတယ်။ အဲဒီတော့ အစိုးရနဲ့သူတို့ကြား ဒေသခံပြည်သူတွေဆီက ရတဲ့သတင်းနဲ့ အင်မတန် ကွဲလွဲနေတာကိုလည်း ကျွန်တော်တို့ တွေ့ရတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ သွားရောက် ခွင့်မရှိတဲ့အတွက် တကယ့်ကိုစိတ်မကောင်းပါဘူး”ဟု ဆလိုင်းဗန်းဘီးနှီး ဆာက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်များရှိနေသည့် မြို့နယ်များကို ICRC နှင့် WFP ကလွဲပြီး တခြား INGO / NGO များကိုလည်း လုံခြုံရေးအကြောင်းပြပြီး ပြည်နယ်အစိုးရအဖွဲ့က ခရီးသွားလာခွင့် ပိတ်ပင်ထားသည်။ စစ်ဘေးရှောင်များကို လွတ်လပ်စွာ ကူညီခွင့်ပေးရန် ရခိုင်လူထုများက လိုလားနေကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲကြောင့် စစ်ဘေးရှောင်(၆၄၀၀၀) ကျော်ရှိသည်။

လတ်တလောတွင် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုလျှော့ကျသွားသည့်အတွက် စားနပ်ရိက္ခာ ပြတ်လပ်မှု၊နေရာထိုင်ခင်းခက်ခဲမှု၊ကျန်းမာရေးပြဿနာများနှင့်ရင်ဆိုင်နေရကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)ထံက သိရသည်။

ဗီဒီယိုများ