စစ်ဘေးရှောင်များကို ကယ်ဆယ်ရေးပေးရန်သွားသည့်အဖွဲ့ တားဆီးခံရ

ကျောက်တော်မြို့နယ်၊ သလူချောင်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် စစ်ဘေးရှောင်များကို ကယ်ဆယ်ရေးပေးရန် သွားရောက်သည့် အဖွဲ့အစည်းများ တပ်မတော်၏ တားဆီးမှုကို ခံနေရသည်ဟု ကယ်ဆယ်ရေး အဖွဲ့အစည်းများက ပြောသည်။

07 Jan 2019

(တားဆီးခံရသည့် စက်လှေများကို တွေ့ရစဉ်။ ဓာတ်ပုံ- ကျော်လှမြင့်)

ခင်သရဖီဦး / DMG

ဇန်နဝါရီလ ၇ ရက်၊ စစ်တွေ

ကျောက်တော်မြို့နယ်၊ သလူချောင်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် စစ်ဘေးရှောင်များကို ကယ်ဆယ်ရေးပေးရန် သွားရောက်သည့် အဖွဲ့အစည်းများ တပ်မတော်၏ တားဆီးမှုကို ခံနေရသည်ဟု ကယ်ဆယ်ရေး အဖွဲ့အစည်းများက ပြောသည်။

ပေါက်တောမြို့နယ်က စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီထောက်ပံ့ပေးရေးအဖွဲ့သည် ဇန်နဝါရီလ ၇ ရက်နေ့ တွင် ကယ်ဆယ်ရေးပေးရန် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့ကို တောင်မင်းကုလားရွာဆိပ်ကမ်းတွင် တပ်မတော်က တားဆီးလိုက်ခြင်းဖြစ်သည်။

 “ပေါက်တောမြို့နယ်ထောက်ပံ့ရေးအဖွဲ့က အခုချိန်ထိ တောင်မင်းကုလားရွာမှာ ဟန့်တားခံထားရပါတယ်။ ကျနော်တို့ အခုချိန်ထိ တောင်မင်းကုလားရွာမှာ ရှိနေပါတယ် ” ဟု ကယ်ဆယ်ရေးပေးမည့်အဖွဲ့တွင် ဦးဆောင်ပါဝင်သူ ဦးကျော်လှမြင့်က ပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် ဇန်နဝါရီလ ၆ ရက်နေ့တွင်  စစ်ဘေးရှောင်များကို ငပိ၊ ဆန်၊ ငရုတ်နှင့်ဆား စသည့် ပစ္စည်းများ ကူညီထောက်ပံ့နိုင်ရန် အတွက် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့က  မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တင်ပြခဲ့သည်။ သို့သော် ယနေ့တိုင် တားဆီးခံနေရသောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးကို  ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ပြည်နယ်က ခွင့်ပြုချက်မရသေးဟု တုန့်ပြန်ပြောဆိုသည်ဟု ဦးကျော်လှမြင့်က ဆက်လက်ဆိုသည်။

“စစ်ဘေးရှောင်တွေနဲ့ အပိတ်အဆို့ ကန့်သတ်ခံထားရတဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေဆီကို ဥပဒေနဲ့မသက်ဆိုင်၊ မငြိတွယ်တဲ့ ပစ္စည်းတွေကိုယူပြီး လွတ်လပ်စွာသွားလာခွင့် မပြုတာဟာ ဒုက္ခသည်တွေကို အငတ်အမွတ်ဖြစ်စေတယ်” ဟု ဦးကျော်လှမြင့်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် သူ၏ လက်ထောက်ဆိုသူက အစည်းအဝေးလုပ်နေသည်ဟု ပြောကြားပြီး ဖုန်းချသွားသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့်မောင်တော စသည့်မြို့နယ်များတွင် စစ်ဘေးရှောင်များ ရောက်ရှိနေခြင်းဖြစ်ပြီး စားဝတ်နေရေးများ အခက်အခဲရှိနေကြကာ အကူအညီများ လိုအပ်လျက်ရှိနေသည်။

 

ဗီဒီယိုများ