စစ်ဘေးရှောင်များကို အကူအညီပေးရာတွင် အခက်အခဲရှိနေ

“ကားလမ်းဘေးက စစ်ဘေးရှောင်တွေကလွဲရင် သလူချောင်းဖက်မှာ အမှန်တကယ်အခက်အခဲရှိတယ်။ ခက်ခက် ခဲခဲကိုသွားရတယ်။ အာဏာပိုင်တွေနဲ့တော့ ရင်ဆိုင်ရတာပေါ့။ အာဏာပိုင်တွေက တောင်မင်းကုလားရွာဖက်က တပ်စွဲထားတယ်။ ဆန်ဆိုရင်သယ်ယူခွင့်မပြုဘူး။ ကျန်တာတွေနဲ့ဆို လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိတယ်။ ဆန်က အမှန်တကယ်လိုအပ်နေတာ” ဟု ၎င်းကပြောသည်။

03 Jan 2019

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်၊ ခင်သရဖီဦး / စစ်တွေ

ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်တို့တွင် စစ်ဘေးရှောင် ၄၅၀၀ ကျော်ခန့် ရှိနေပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေး ပြုလုပ်နေသည့် ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်း ဒေးရှင်း(ရခိုင်ပြည်)က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဘေးရှောင်များတွင် လတ်တလော အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါးများ လိုအပ်မှုရှိနေပြီး ပြည်နယ်အတွင်းမှ လူမှုရေးအဖွဲ့အစည်းများ ကူညီရန်သွားရောက်ရာတွင်လည်း အာဏာပိုင်များက ပစ္စည်း အများအပြား သယ်ယူခွင့်မပြုသည့်အတွက် အခက်ကြုံနေရကြောင်း လူမှုရေးအဖွဲ့များက ပြောကြသည်။

ထိုသို့ ပစ္စည်းအများအပြားသယ်ယူခွင့်ကို တားမြစ်ထားခြင်းမှာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရက္ခိုင့်တပ်မတော်(AA)ဘက်သို့ အစားအသောက်များရောက်သွားမည်စိုးရိမ်၍ဖြစ်နိုင်ကြောင်း စစ်ရှောင်များအား ကူညီရန်သွားရောက်သည့် ကျောက်တော်မြို့နယ်မှ ကိုဇော်ဝင်းက ပြောသည်။

“ကားလမ်းဘေးက စစ်ဘေးရှောင်တွေကလွဲရင် သလူချောင်းဖက်မှာ အမှန်တကယ်အခက်အခဲရှိတယ်။ ခက်ခက် ခဲခဲကိုသွားရတယ်။ အာဏာပိုင်တွေနဲ့တော့ ရင်ဆိုင်ရတာပေါ့။ အာဏာပိုင်တွေက တောင်မင်းကုလားရွာဖက်က တပ်စွဲထားတယ်။ ဆန်ဆိုရင်သယ်ယူခွင့်မပြုဘူး။ ကျန်တာတွေနဲ့ဆို လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိတယ်။ ဆန်က အမှန်တကယ်လိုအပ်နေတာ” ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် စစ်ဘေးစစ်ဒဏ်မခံရသည့်ကျေးရွာများမှာလည်း စားသုံးကုန်ပစ္စည်း ပြတ်လပ် မှုများဖြစ်လာသည့်အတွက် အခက်ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များထံက သိရသည်

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင်များအတွက် လိုအပ်သည်များကို ထောက်ပံ့ ကူညီပေးနေကြောင်း ဆိုကြသည်။

ကျောက်တော်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနနဲ့ညှိနှိုင်းပြီး ကူညီပေးနေကြောင်း ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောသည်။

“အိမ်ထောင်စုတစ်စုကို ပုဆိုးတစ်ထည်၊ ထဘီတစ်ထည်။ လူတစ်ယောက်ကို ဆန် ၇ ရက်စာထောက်ပံ့တယ်။ မြို့နယ်စီမံကော်မတီကနေပြီးတော့ ဆန်အိတ် ၅၀ ထောက်ပံ့ထားတွေရှိပါတယ်။ နောက်ပြီး ကြက်ခြေနီနဲ့ ပေါင်းပြီး မိသားစုသုံးပစ္စည်းတွေပါဝင်တဲ့ပစ္စည်းတွေ၊ မိုးကာတွေလည်း ထောက်ပံ့ထားပြီးပါပြီ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိနေပြီး စစ်ဘေးရှောင်ဦးရေများလည်း တစ်ဖြည်းဖြည်းများလာသည်။

ဗီဒီယိုများ