စားနပ်ရိက္ခာတင်ပို့မှုကို တားမြစ်သည့်ကိစ္စ တပ်မတော်နှင့် ညှိနှိုင်းသွားမည်ဟု လူကယ်ပြန်ဝန်ကြီးပြော

ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲဖြစ်ပွားရာဒေသများတွင် စားနပ်ရိက္ခာတင်ပို့မှုများကို တပ်မတော်မှ တားမြစ်မှုများရှိနေပြီး အဆိုပါကိစ္စအား တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြောသည်။

14 Jan 2019

နေဝင်းစံ / DMG

ဇန်နဝါရီလ ၁၄ ရက်၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲဖြစ်ပွားရာဒေသများတွင် စားနပ်ရိက္ခာတင်ပို့မှုများကို တပ်မတော်မှ တားမြစ်မှုများရှိနေပြီး အဆိုပါကိစ္စအား တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြောသည်။

“အကုန်လုံးက ပူးပေါင်းပြီးတော့ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ကြမှာ ဖြစ်တဲ့အတွက်ကြောင့် ညှိနှိုင်းလို့ ရကိုရရမယ်။ ကျွန်တော်တို့ ညှိနှိုင်းပါမယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ကျောက်တော်မြို့နယ်အတွင်းမှ ငစရိုင်းကိုင်း၊ ကျွန်းသာယာ၊ လေကွီ၊ ပဲဝ၊ ကင်ပိ၊ သိမ်းချောင်း၊ ခမောင်း စသော ကျေးရွာ ၈ ရွာမှ ဒေသခံများမှာ အစားအသောက်တင်ပို့ခွင့်ကို တားမြစ်ခံနေရကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ကပ်ပိကျေးရွာမှ ဝါးတောင်ကယ်ဆယ်ရေးစခန်းသို့ ခိုလှုံရောက်ရှိလာသည့် ကိုလပြည့်က ၎င်းတို့ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စားနပ်ရိက္ခာများ တင်ခွင့်မရှိသောကြောင့် စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ နေ့ကတည်းကနေ အခုအထိ နည်းနည်းလေးမှ အစားအသောက်တင်လို့ မရဘူး။ အစားအသောက်တင်လို့ ရပါ့မလားဆိုပြီးတော့ ၂ လလောက်အထိ စောင့်ပါသေးတယ်” ဟု ကိုလပြည့်က ဆိုသည်။

ယခုကဲ့သို့ စားနပ်ရိက္ခာတင်ပို့မှုများကို တားမြစ်ခံရသည့်အတွက် စားဝတ်နေရေးအခက်အခဲကြောင့် ကျေးရွာအချို့မှ ဒေသခံများမှာ စစ်ဘေးရှောင်စခန်းများသို့ ခိုလှုံလာမှုများရှိနေပြီး စစ်ရှောင်ဦးရေမှာလည်း ပိုမိုများပြားလာနေသည်။

လက်ရှိတွင် အစိုးရ၏စာရင်းအရ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်များမှ တိုက်ပွဲရှောင်အိမ်ထောင်စု ၉၇၀ စု၊ လူဦးရေ ၄၄၇၀ ဦးရှိကြောင်း သိရသည်။

“မြန်မာစစ်တပ်က တင်ခွင့်မပြုဘူး။ လှေတွေနဲ့ အစားအသောက်တွေတင်ရင်လည်း အားလုံးကို ရှာဖွေပါတယ်။ အဝတ်အထည်တစ်ခုပဲ တင်ဆောင်ခွင့်ရပါတယ်။ ကျန်တဲ့ဥစ္စာတွေ တစ်ခုမှတင်လို့မရဘူး။ ပညာဝ ကျေးရွာမှာတစ်ခေါက်၊ တောင်နားကလားရွာမှာ တစ်ခေါက်တားတယ်။ ပစ္စည်းတွေကို အထက်ပိုင်းကို တင်မယ်ဆိုရင် သူတို့က သိမ်းထားပါတယ်။ အထက်ပိုင်းက ချလာမယ်ဆိုရင်တော့ ရပါတယ်” ဟု ကိုလပြည့်က ပြောသည်။

အစိုးရအနေဖြင့် တိုက်ပွဲရှောင်ပြည်သူများအတွက် လတ်တလော ထောက်ပံ့ပေးနေကြောင်းနှင့် ရေတို၊ ရေရှည် ကိစ္စများအတွက် ညှိနှိုင်းစရာရှိသည်ကို ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

“ဘယ်လိုအခက်အခဲရှိနေသလဲ၊ ကိုယ့်နေရာကို ပြန်ဖို့အတွက် နံပါတ်တစ်အရေးကြီးဆုံးပါပဲ၊ ကိုယ့်အလုပ်အကိုင်နဲ့ကိုယ် ရှိကြတယ်။ အဲဒီအတွက်ကိုလည်း ညှိနှိုင်းဆောင်ရွက်ဖို့လာတာပဲ။ ဒါတွေအကုန်လုံးကိုလည်း ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်သွားမယ် ” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘေးဒုက္ခခံစားနေရသော တိုက်ပွဲရှောင်ပြည်သူ ၄၄၇၀ ဦးအတွက် ဆန်ရိက္ခာ (၁)လစာ တန်ဖိုးငွေကျပ်(လေးရာ့နှစ်သိန်းသုံးသောင်း)နှင့် အိမ်ထောင်စု ၉၇၀ စုအတွက် မြက်ဖျာနှင့်စောင် တန်ဖိုးငွေကျပ် (ကိုးဆယ့်ကိုးသိန်း ကိုးသောင်းတစ်ထောင်) ကို ဇန်နဝါရီလ ၁၁ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်များရှိ တိုက်ပွဲရှောင်ပြည်သူများသို့ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများအတွက် ငွေကျပ် (နှစ်ရာခုနစ်ဆယ့် တစ်သိန်းကိုးသောင်း ကိုးထောင့်ငါးဆယ်)ကို ကနဦး ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲရှောင်ပြည်သူများတွင် စားဝတ်နေရေး၊ ရေ၊ အနွေးအထည်နှင့် စောင်များလိုအပ်နေပြီး လက်ရှိအချိန်ထိ လူပေါင်း ၂၀ ကျော်တွင် ဆန်တစ်အိတ်သာ ရသေးကြောင်းလည်း ကိုလပြည့်က ဆိုသည်။

“အစိုးရကိုတောင်းဆိုချင်တာကတော့ စားဝတ်နေရေး ဖူဖူလုံလုံနဲ့ ကိုယ့်နေရာကိုပဲ ပြန်သွားချင်ပါတယ်” ဟု ကိုလပြည့်က ပြောသည်။

 

ဆက်စပ်ဖတ်ရှုရန် -

စစ်ဘေးရှောင်များကို အကူအညီပေးရာတွင် အခက်အခဲရှိနေ

စစ်ဘေးရှောင်များကို ကယ်ဆယ်ရေးပေးရန်သွားသည့်အဖွဲ့ တားဆီးခံရ

ဗီဒီယိုများ