စားနပ်ရိက္ခာသယ်ယူခွင့် မရ၍ ကျောက်တော်မြို့နယ်က ကျေးရွာအချို့အခက်တွေ့

ကျောက်တော်မြို့နယ်မှ ကျေးရွာအချို့တွင် စားနပ်ရိက္ခာများ တစ်ဖြည်းဖြည်း လျော့နည်းလာနေပြီး ရိက္ခာများကို သယ်ယူခွင့်မရရှိသောကြောင့် စားနပ်ရိက္ခာပြတ်လပ်မည့် အခြေအနေနှင့် ရင်ဆိုင်နေကြရကြောင်း ကျေးရွာသားများထံမှ သိရသည်။

06 Feb 2019

(ကယ်ဆယ်ရေးပေးရန်သွားရာတွင် ဇန်နဝါရီလ ၇ ရက်နေ့က တားဆီးခံလိုက်ရသည့် ပေါက်တောမြို့နယ် ထောက်ပံ့ရေးအဖွဲ့စက်လှေ)

ခင်သရဖီဦး / DMG

ဖေဖော်ဝါရီ ၆ ၊ စစ်တွေ

ကျောက်တော်မြို့နယ်မှ ကျေးရွာအချို့တွင် စားနပ်ရိက္ခာများ တစ်ဖြည်းဖြည်း လျော့နည်းလာနေပြီး ရိက္ခာများကို သယ်ယူခွင့်မရရှိသောကြောင့် စားနပ်ရိက္ခာပြတ်လပ်မည့် အခြေအနေနှင့် ရင်ဆိုင်နေကြရကြောင်း ကျေးရွာသားများထံမှ သိရသည်။

သလူချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက “စားနပ်ရိက္ခာပြတ်တာက ပြတ်တာပေ့ါ။ စားရေးသောက်ရေးက တစ်ယောက်နဲ့တစ်ယောက် မျှပြီးစားနေရပါတယ်” ဟု ပြောသည်။

စားနပ်ရိက္ခာပြတ်လပ်နေသည့် ကျေးရွာများမှာ ငစရိုင်းကိုင်း၊ ကျွန်းသာယာ၊ လေကွီ၊ ပဲဝ၊ ကင်ပိ၊ သိမ်းချောင်း၊ ခမောင်း အပါအဝင် ကျေးရွာ ၈ ရွာရှိကြောင်း သိရသည်။

အဆိုပါကျေးရွာများသို့ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားမှုများကို ခွင့်ပြုပေးရန် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်အား တင်ပြထားသော်လည်း ထူးခြားမလာသေးကြောင်း သိရသည်။

“စစ်တပ်ကိုပြောလည်း စစ်တပ်က မြို့နယ်ကိုပြောလိုက်။ မြို့နယ်ကိုပြောရင်လည်း ပြည်နယ်ကို တင်ပြထားတယ်ပေါ့။ ပြည်နယ်က ခွင့်ပြုချက်မရရင် စစ်တပ်ကလည်း ခွင့်မပြုရဲဘူးလေ” ဟု ဦးမောင်ဝင်းက ဆိုသည်။

ယခုကဲ့သို့ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးကို DMG က ဆက်သွယ်မေးမြန်းသောအခါ အလုပ်မအားသေးကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့နယ်လေးခုတွင် စစ်ရှောင်ဦးရေ ၆၀၀၀ ခန့်ရှိနေပြီး ကျောက်တော်မြို့နယ်သည် စစ်ရှောင်အများဆုံးရှိသည့်နေရာ ဖြစ်သည်။

လက်ရှိမှာ စစ်ဘေးဒုက္ခသည်များသည် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်နေကြရကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ဆိုသည်။

“အစားအသောက်တင်ရတာတွေ အခက်အခဲရှိတယ်။ ပြတ်တယ်လို့တော့ပြောလို့ရတာပေါ့။ သွားလာဖို့ လမ်းပိတ်ထားတွေလည်းရှိတယ်။ အရင်ကနဲ့ယှဉ်ရင်တော့ ပြတ်တာပေါ့။ အလုပ်အကိုင်လည်း ပြတ်တယ်။ အခက်အခဲအမျိုးမျိုးရှိတယ်။ ကိုယ့်စားမယ့်ဆန်ကို ကိုယ်တင်လို့မရဘူး ဖြစ်နေကြတယ် ” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ စားနပ်ရိက္ခာတင်ပို့မှုများကို တားမြစ်မှုများရှိနေခြင်းအပေါ် တပ်မတော်နှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီလ ၁၁ ရက်နေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်ခဲ့သည့် စစ်ရှောင်များအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် မီဒီယာများအား ပြောဆိုခဲ့သည်။

ဗီဒီယိုများ