စားဝတ်နေရေး အဆင်မပြေမှုကြောင့် ထွက်ပြေးကြသည့် မွတ်ဆလင် ၉၀ ကျော် စစ်တွေသို့ ပြန်ပို့ခံရ

စစ်တွေမြို့နယ်၊ သက္ကယ်ပြင်နှင့် သဲချောင်းကျေးရွာတို့က မွတ်ဆလင်များမှာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် မလေးရှားနိုင်ငံသို့ စက်လှေများဖြင့် ထွက်ခွာကြရာ အာဏာပိုင်များ၏ ဖမ်းဆီးမှုကို မကြာခဏခံနေရပြီး ထားဝယ်ခရိုင်အတွင်း ဖမ်းဆီးခံရသည့် မွတ်ဆလင် ၉၀ ကျော်မှာလည်း နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်တွေသို့ ပြန်ပို့ခံရသည်။

By သက်နိုင် 01 Dec 2018

(ထားဝယ်တွင် ဖမ်းဆီးရမိသည့် မွတ်ဆလင် ၉၀ ကျော် နိုဝင်ဘာ ၃၀ ရက်နေ့က စစ်တွေသို့ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - သက်နိုင် / DMG)

ဒီဇင်ဘာ ၁ ရက်၊ ၂၀၁၈ ခုနှစ်၊ သက်နိုင် | DMG

စစ်တွေမြို့နယ်၊ သက္ကယ်ပြင်နှင့် သဲချောင်းကျေးရွာတို့က မွတ်ဆလင်များမှာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် မလေးရှားနိုင်ငံသို့ စက်လှေများဖြင့် ထွက်ခွာကြရာ အာဏာပိုင်များ၏ ဖမ်းဆီးမှုကို မကြာခဏခံနေရပြီး ထားဝယ်ခရိုင်အတွင်း ဖမ်းဆီးခံရသည့် မွတ်ဆလင် ၉၀ ကျော်မှာလည်း နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်တွေသို့ ပြန်ပို့ခံရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ဘုတ်ကျွန်းအနီး လောင်းလုံမြို့နယ်တွင် ဖမ်းဆီးခံရသူထဲမှာ သက္ကယ်ပြင်ကျေးရွာမှ မွတ်ဆလင်တစ်ဦးလည်း ပါဝင်ပြီး ယင်းနေရာတွင် (၆) နှစ်ကျော်ခန့် နေထိုင်ခဲ့ပြီး အခက်အခဲများပေါ်ပေါက်လာသဖြင့် မိမိသဘောဖြင့် ထွက်သွားကြခြင်းဟု သက္ကယ်ပြင်က အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“အခုပြန်ပို့တဲ့ထဲမှာ ကျနော်တို့ ဒီသက္ကယ်ပြင် ကယ်ဆယ်ရေးစခန်းက တစ်ယောက်ပါတယ်လို့ ပြောတယ်။ ကျနော်တို့ ဒီမှာနေလာကြတာ ၆ နှစ်ကျော်သွားပြီ။ ဒီမှာက စားဝတ်နေရေး ကျန်းမာရေး၊ လူမှုရေးတစ်ခုမှ အဆင်မပြေတော့ သူတို့ သဘောနဲ့သူတို့ ထွက်သွားကြတယ်။ အဲဒါကို ဟိုက ဖမ်းပြီး ဒီကိုပြန်ပို့တယ်” ဟု  စစ်တွေမြို့ သက္ကယ်ပြင် ကယ်ဆယ်ရေးစခန်းက အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။ သူသည် စိုးရိမ်မှုရှိသောကြောင့် အမည်မဖော်ပြရန် တောင်းဆိုသည်။

ယခု ပြန်ပို့ခံရသည့်အထဲမှာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၃ ဦးနှင့် ကလေး ၃၂ ဦး ပါဝင်သည်။

ပြန်ပို့ခံရမှုကြောင့် စစ်တွေသို့ ရောက်ရှိလာကြသူများကို  သူတို့၏ အခက်အခဲများ၊ သူတို့ ထွက်ပြေးရသည့် အကြောင်းအရင်းများကို DMG က မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အာဏာပိုင်များက မေးမြန်းခွင့် မပြုခဲ့ပေ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း မွတ်ဆလင် ၁၀၆ ဦးပါလာသည့် စက်လှေတစ်စီးကို ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်အနီး ပင်လယ်ပြင်တွင် ဖမ်းစီးခဲ့ပြီး တပ်မတော်ရေယာဉ်ဖြင့် စစ်တွေမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

မွတ်ဆလင်များသည် ဘင်္ဂလားပင်လယ်အော်ကို လှေဖြင့်ဖြတ်၍ ထွက်ခွာရန်ကြိုးပမ်းမှု ပိုမိုများပြားလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က နိုဝင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ဗီဒီယိုများ