တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ပေးရန် တိုက်တွန်းသည့်အဆိုကို ရခိုင်လွှတ်တော်အတည်ပြု

လက်ရှိကာလတွင် အစိုးရဌာနဆိုင်ရာများက ဝန်ထမ်းများ ခရီးသွားလာလျှင် အသက်အန္တရာယ်များ ရှိနေသည့်အတွက် ယင်းအစီအမံများကို ဆောင်ရွက်ရန် အစိုးရတွင် အခက်အခဲရှိသည်ဟု ပြည်နယ် ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

By မင်းထွန်း 01 Jan 2020

မင်းထွန်း | DMG
ဇန်နဝါရီ ၁၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုမရှိစေရေးအတွက် ယခင်ကထက် ပိုမိုထိရောက်သော ကာကွယ်စောင့်ရှောက်မှုများကို စီမံဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို ဒီဇင်ဘာလ (၃၀)ရက်နေ့က ပြည်နယ်လွှတ်တော်တွင် အတည်ပြုလိုက်သည်။

ယင်းအဆိုကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်သူမရှိသောကြောင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသောကြောင့် ပြည်သူများထိခိုက်မှု ပိုတိုးလာနိုင်သည့်အတွက် အစိုးရအနေဖြင့် ကော်မတီများဖွဲ့စည်းကာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြီး ထိခိုက်မှုများမရှိအောင် ဆောင်ရွက်ရန်လိုကြောင်း အဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။

“ ဘာမှမသိသေးတဲ့ ကလေးသူငယ်တွေ ကျောင်းသား ကျောင်းသူတွေ ဒီလိုစစ်ပွဲရဲ့ဒဏ်ကို မဆိုင်ဘဲ ခံနေရတဲ့ အနေအထားဟာ ပိုတိုးလာနိုင်တဲ့အတွက် သက်ဆိုင်ရာအစိုးရအနေနဲ့ ဒါကို ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ မရှိရအောင် ကြိုပြီးတော့ မိမိတို့ အစိုးရအဖွဲ့ဝင်တွေ မသွားနိုင်ပေမယ့် ဒီ ကော်မတီတွေ၊ အဖွဲ့တွေဖွဲ့ပြီးတော့မှ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီး စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုတွေ၊ စစ်ပွဲနဲ့မသက်ဆိုင်တဲ့ စစ်ပွဲအတွင်းကို စစ်ပွဲဧရိယာထဲကို ရောက်နေတဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိအောင် ကူညီဆောင်ရွက်ပေးရမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိကာလတွင် အစိုးရဌာနဆိုင်ရာများက ဝန်ထမ်းများ ခရီးသွားလာလျှင် အသက်အန္တရာယ်များ ရှိနေသည့်အတွက် ယင်းအစီအမံများကို ဆောင်ရွက်ရန် အစိုးရတွင် အခက်အခဲရှိသည်ဟု ပြည်နယ် ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

“သို့သော်လည်းပဲ ကျနော်တို့ ဒါလည်း လုပ်ကို လုပ်ရမယ့် လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့လည်း ဒါတွေကို ဆွေးနွေးပြီးတော့မှ သင့်တော်တဲ့အစီအမံချမှတ်ပြီး ဆောင်ရွတ်သွားမယ်ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြလိုပါတယ်” ဟု ၎င်းက လွှတ်တော်တွင်ပြောကြားခဲ့သည်။

သို့သော် အရပ်သားများ ထိခိုက်မှုများမရှိစေရေးအတွက် မည်သည့်အစီအမံများဖြင့် ဆောင်ရွက်သွားမည်ကို ဝန်ကြီးက ပြောကြားခဲ့ခြင်းမရှိပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုတစ်နှစ်တာကာလတွင် ကျည်ဆံထိမှန်မှု၊ မိုင်းထိမှန်မှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် အရပ်သား (၁၀၀)ခန့်သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၀၀) ခန့်ရှိသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။

Related Post : အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ရှောင်ရှားကြရန် တိုက်တွန်းသည့်အဆို တပ်မတော်ကန့်ကွက်

ဗီဒီယိုများ