တိုက်ပွဲကြောင့်ပိတ်ထားရသည့် ကျောင်းများ ပြန်မဖွင့်နိုင်သေး

ဘူးသီးတောင်မြို့နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပြင်ချောင်း၊ ဥယျာဉ်သာ စသည့်ကျေးရွာရှိ စာသင်ကျောင်းများ ပိတ်ထားရသဖြင့်  ကျောင်းသား/သူများ စာသင်ရမည့်အခွင့်အလမ်း ပျောက်ဆုံးနေသည်။

22 Jan 2019

ချလူးအောင် / DMG

ဇန်နဝါရီလ ၂၂၊ မောင်တော

ဘူးသီးတောင်မြို့နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပြင်ချောင်း၊ ဥယျာဉ်သာ စသည့်ကျေးရွာရှိ စာသင်ကျောင်းများ ပိတ်ထားရသဖြင့်  ကျောင်းသား/သူများ စာသင်ရမည့်အခွင့်အလမ်း ပျောက်ဆုံးနေသည်။

မြို့မချောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေ့မှ စတင်ပြီး ပြင်ချောင်းကျေးရွာက မူလွန်ကျောင်းအုပ်ကြီး အပါအဝင် ဆရာ/မများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး လက်ရှိအချိန်ထိ စာသင်ကြားရန် မရောက်လာသေးဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်သန်းက ပြောသည်။

“ ဒီနေ့အထိ ပြင်ချောင်းကျေးရွာက စာသင်ကျောင်း မဖွင့်သေးပါဘူး။ ဆရာ/မတွေနဲ့ကျောင်းအုပ်ဆရာကြီးပါ တစ်ယောက်မှ ပြန်မလာကြသေးပါဘူး။ ကျောင်းသူ/သား ၅၀ ခန့် ရှိပါတယ်။ ကျွန်တော်တို့ ပြင်ချောင်းက ထွက်ပြေးသူလည်း မရှိပါ။ အခုဆို အတန်းတင်စာမေးပွဲလည်း နီးနေပါပြီ။ ကျောင်းသူ/သားတွေ အလွန်နစ်နာနေပါတယ်"ဟု ၎င်းက ဆိုသည်။

ပြင်ချောင်း မူလတန်းလွန်ကျောင်းတွင် ဆရာ/မ ၅ ဦးနှင့် ကျောင်းအုပ်တစ်ဦးရှိပြီး ယင်းကျောင်းတွင် စိုင်းဒင်အနီးဈေးရွာမှ ကျောင်းသူ/သားများလည်း လာရောက် ပညာသင်ကြားနေကြသည်။

အလားတူ ဥယျာဉ်သာမူလတန်းကျောင်းများကိုလည်း ပိတ်ထားသဖြင့် ကျောင်းသား/သူများ ပညာရေး ထိခိုက်မည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

ကံပြင်ကျေးရွာ၊ ဥယျာဉ်သာကျေးရွာများတွင် စာသင်ကျောင်း ပိတ်ထားသည်ဟု ဒေသခံများက ပြောဆိုသော်လည်း မြို့နယ်ပညာရေးမှူးကမူ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားပြီဟု တုန့်ပြန်သည်။

“ အခုကတော အားလုံးဖြန်ဖွင့်လိုက်ပါပြီ။ ပိတ်ထားတာ တစ်ကျောင်းမှ မရှိတော့ပါဘူး” ဘူးသီတောင်မြို့နယ်ပညာရေးမှူး ဦးသန်းဖေက ပြောသည်။

လက်ရှိတွင် အဆိုပါကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

 

ဗီဒီယိုများ