ထွက်ပြေးဘင်္ဂါလီများ ခိုးဝင်နေထိုင်မှုများရှိနေ၍ သက်ဆိုင်ရာမှ တင်းကြပ်စွာ တားဆီးပေးရန် မောင်တောပြည်သူတောင်းဆို

မောင်တောမြို့နယ်အတွင်းက ထွက်ပြေးသွားသည့် ဘင်္ဂါလီများမှာ ဒေသတွင်းသို့ ခိုးဝင်နေ ထိုင်မှုများရှိနေသည့်အတွက် သက်ဆိုင်ရာမှ တင်းကြပ်စွာ တားဆီးပေးရန်နှင့် အချက်(၉)ချက် ပါဝင်သည့် မောင်တောမြို့နယ်လုံးဆိုင်ရာ ထုတ်ပြန်ချက်တစ်စောင်အား ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်တောင်းဆိုသည်။

By မောင်ဇော်ခိုင် 07 Dec 2017

(မောင်တော-ဘင်္ဂလာနယ်စပ်တစ်ခုတွင် လုံခြုံရေးယူနေသော မြန်မာနယ်ခြားစောင့်တပ်ရင်းတစ်ခု။ ဓါတ်ပုံ - မြင့်မြတ်ဖြူ/DMG)

ဒီဇင်ဘာလ ၇ ရက်၊ ၂၀၁၇ ခုနှစ်။     ။    မောင်တောမြို့နယ်အတွင်းက ထွက်ပြေးသွားသည့် ဘင်္ဂါလီများမှာ ဒေသတွင်းသို့ ခိုးဝင်နေ ထိုင်မှုများရှိနေသည့်အတွက် သက်ဆိုင်ရာမှ တင်းကြပ်စွာ တားဆီးပေးရန်နှင့် အချက်(၉)ချက် ပါဝင်သည့် မောင်တောမြို့နယ်လုံးဆိုင်ရာ ထုတ်ပြန်ချက်တစ်စောင်အား ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်တောင်းဆိုသည်။

“ ကျွန်တော်တို့က ဒီမှာ ထွက်ပြေးဘင်္ဂါလီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစည်းအဝေးလုပ်ကြတယ်။ တိုင်းရင်းသား ကျေးရွာပတ်ပတ်လည်မှာ ဘင်္ဂါလီရွာတွေချည်းဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က အဲဒီလိုချထားဖို့မဖြစ်နိုင်၊ ချထားရင် ပြဿာဖြစ်မယ်ဆိုပြီးတော့ ထုတ်ပြန်တာဖြစ်တယ်။ ” ဟု မောင်တောမြို့ခံ ဦးခင်မောင်သန်းက ပြောသည်။

ထွက်ပြေးဘင်္ဂါလီများကို ပြန်လည်လက်ခံပြီး နေရာထားပေးသည့်အခါ တိုင်းရင်းသား ကျေးရွာတွေနဲ့နီးတဲ့ နေရာမှာ မချဖို့နဲ့ သီးသန့်ကန့်ပုံစံအဖြစ် လောလောဆယ်ထားရှိဖို့ကို အဓိကတောင်းဆိုတာဖြစ်သည်ဟုလည်း ဦးခင်မောင်သန်းကပြောသည်။

“ ကျွန်တော်တို့က အခုတောင်းဆိုချက်ထဲမှာ ပါတဲ့တိုင်းပါပဲ၊ တိုင်းရင်းသား ကျေးရွာတွေနဲ့နီးတဲ့ နေရာတွေမှာ မချဖို့၊ ကားလမ်းနားတွေမှာ မချဖို့ပေါ့။ ကားလမ်းနားတွေမှာ ဆိုရင်လည်း ဗုံးထောင်တာတွေ၊ လမ်းတွေကို ပိတ်ဆို့တာတွေရှိတဲ့အတွက် လုံခြုံရေးအရ အနှောင့်အရှက်ရှိတဲ့အတွက် သီးခြားချထား ပေးဖို့ပြောချင်တယ်။ ” ဟုဆိုသည်။

တောင်းဆိုချက်များနှင့် ပတ်သက်ပြီး မောင်တောမြို့နယ်အတွင်း လက်မှတ်များကောက်ယူပြီး နိုင်ငံတော်အတိုင်ပင်ခံ၊ နိုင်ငံတော်သမ္မတနှင့် တပ်တော်ကာကွယ်ရေးဦးစီးချုပ်တို့ထံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဗီဒီယိုများ