နတ်မြစ်အတွင်း WY ဆေးပြား ၂၉၂၀၀ ကျော်အား ပိုင်ရှင်မဲ့ဖမ်းမိ

မောင်တောမြို့နယ် မင်္ဂလာကြီးချောင်းဝ နတ်မြစ်အတွင်း WY ဆေးပြား ၂၉၂၅၀ ပြားအား ဇန်နဝါရီလ ၂၂ ရက်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

23 Jan 2019

ဖမ်းဆီးရမိသည့် စိတ်ကြွမူးယစ်ဆေးများအား တွေ့ရစဉ်

ချလူးအောင် / DMG

ဇန်နဝါရီ ၂၃ ၊ မောင်တော

မောင်တောမြို့နယ် မင်္ဂလာကြီးချောင်းဝ နတ်မြစ်အတွင်း WY ဆေးပြား ၂၉၂၅၀ ပြားအား ဇန်နဝါရီလ ၂၂ ရက်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ နတ်မြစ်အတွင်း အထုတ်တစ်ခုနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ရေပုံးဖြင့်ကူးခတ်နေသူအား ဓညဝတီရေတပ်စခန်းမှ လိုက်လံဖမ်းဆီးရာ ရေပိုင်နက်ကျော်လွန်နေခြင်း၊ မြူထနေခြင်းတို့ကြောင့် ရေကူး ထွက်ပြေးသူအားဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပဲ မူးယစ်ဆေးဝါးများပါဝင်သည့် အထုတ်ကိုသာ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ထိုသို့သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးအထုတ်တွင် WY ဆေးပြား ၉၇၈၀ ပြားပါဝင်တဲ့ အထုတ် ၃ ထုတ် ဖြစ်ပြီး ဆေးပြားစုစုပေါင်း ၂၉၂၅၀ ပြားရှိရာ ကာလတန်ဖိုး ကျပ်သိန်း ၅၈၅ သိန်းရှိကြောင်း မောင်တော ခရိုင် မူးယစ်အထူးတပ်ဖွဲ့စု ၄၆ မှ သိရသည်။

ယခုကဲ့သို့ WY ဆေးပြားများ ဖမ်းဆီးရရှိမှုအား ပြင်မြူနယ်မြေစခန်းတွင် မယ(ပ) ၁/၂၀၁၉ ဖြင့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၉(က)၊ ၂၀(ခ) တို့အရ အမှုဖွင့်ထားပြီး ရေကူးပြီး ထွက်ပြေးသွားသူအား စုံစမ်းလျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ WY ဆေးပြား  စုစုပေါင်း ၈ သိန်းကျော်အား ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၇ မှုရှိရာတွင် တရားခံ ကျား ၇ ဦးနှင့် မ ၁ ဦး တို့အား ဖမ်းဆီးအရေးယူထားကြောင်း မူးယစ်အထူးတပ်ဖွဲ့စု ၄၆ မှ သိရသည်။

 

ဗီဒီယိုများ