ပုဏ္ဏားကျွန်းတွင် အမည်မသိသူတစ်ဦးပေးသော လက်ဆောင်ပစ္စည်းတွင် မူးယစ်ဆေးဝါးများတွေ့၍ လက်ခံသူအိမ်ပိုင်ရှင် အဖမ်းခံရ

“ ကျွန်တော်ကတော့ ဒီကိစ္စကို သံသယဖြစ်မိပါတယ်။ မဟုတ်မမှန် လုပ်ကြံမှုလို့ပဲ။ အမှန်တရား ဖြစ်စေချင်ပါတယ် ”

By ခိုင်ရိုးလ 06 Dec 2018

လက်ဆောင်ပစ္စည်းများထဲတွင် ပါဝင်သည့် မူးယစ်ဆေးဝါးများအား တွေ့ရစဉ်

ခိုင်ရိုးလ/DMG၊ ဒီဇင်ဘာ ၆၊ ပုဏ္ဏားကျွန်း

ပုဏ္ဏားကျွန်းမြို့နယ်၊နတ်ဆိပ်ကျေးရွာရှိ  မြို့နယ်မြေစာရင်းဌာနမှ မြေတိုင်းစာရေးတစ်ဦး၏ အိမ်ကို အမည်မသိ လူတစ်ဦးက လာရောက်ပြီး လက်ဆောင်ပစ္စည်းများ ပေးခဲ့ပြီးနောက် ငါးမိနစ်ခန့်အကြာတွင် မြို့နယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်များလာရောက်၍ လက်ဆောင်ပစ္စည်းလက်ခံသူ အိမ်ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးလိုက်သည်ဟု သူ၏ အမျိုးသားဦးအောင်ပန်းဖြူက ပြောသည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် ယင်းအိမ်သို့ ဆိုင်ကယ်စီးကာ အမည်မသိလူတစ်ဦး လာရောက်ပြီး မြေတိုင်းစာရေး ဦးအောင်ပန်းဖြူအတွက် လက်ဆောင်ပစ္စည်းများပါသည်ဟုဆိုကာ လက်ဆောင်ပစ္စည်း (၄) ခုကို အိမ်ပေါ်မှာတင်ခဲ့ပြီး ထွက်ခွာသွားသည်။ ယင်းနောက်တွင် ရဲတပ်ဖွဲ့ဝင်များ ရောက်လာကာ လက်ဆောင် ပစ္စည်းများကို ရှာဖွေစဉ် လက်ဆောင်ပစ္စည်း တစ်ခုစီတွင် မူးယစ်ဆေးဝါး WY (၃၀) ပြား ပါဝင်သည့် အထုပ်တစ်ထုပ်စီ တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့က ဦးအောင်ပန်းဖြူ၏ဇနီးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ အဲဒီလက်ဆောင်အိတ်တွေထဲမှာ လုံချည် ၄ ထည်ပါတယ်။ လုံချည်တစ်ထည်စီမှာ နာမည်တစ်လုံးစီပါတယ်။ ဦးခင်သန်းမောင်၊ တန်းခိုးဥက္ကဋ္ဌ၊ ရာအိမ်မှူးတွေ နာမည်နဲ့ စာရေးထားတာတွေ့တယ်။ အဲဒါကို ရဲကကြည့်တော့ လုံချည်တစ်ထည်စီမှာ အိပ်လေးနဲ့ အနီရောင်ဆေးပြားတွေ ၃၀ ခန့်စီတွေ့တယ်။ အဲဒီမှာဘဲ ကျွန်တော့်ဇနီးကို မူးယစ်ပစ္စည်းနဲ့ တရားဥပဒေအရ ရဲစခန်းသို့လိုက်ရမယ်ဆိုပြီး ခေါ်သွားပါတယ် ” ဟု ၎င်းက ပြောသည်။

 ယင်းသို့ လက်ဆောင်လာပေးချိန် မြေတိုင်းစာရေး ဦးအောင်ပန်းဖြူမှာ ရုံးတွင် တာဝန်ထမ်းဆောင်နေပြီး လက်ဆောင်ပစ္စည်း ရောက်ရှိနေကြောင်း ဇနီးဖြစ်သူဖုန်းဆက်သဖြင့် သိရသည်ဟုဆိုသည်။ ယင်းသို့ ပြုလုပ်ခြင်းမှာ မိမိကို လုပ်ကြံခြင်းဟု ဦးအောင်ပန်းဖြူက ထင်မြင်သည်။

ဦးအောင်ပန်းဖြူသည် စားကျက်မြေကို ကျူးကျော်ထွန်ယက်မှုအပေါ် တာဝန်အရ ကွင်းဆင်းစီစစ်ရာတွင် တန်းခိုးအုပ်စုကျေးရွာသားတစ်ချို့က ခြိမ်းခြောက် အငြိုးထားမှုများကို ခံနေရသည်ဟုဆိုသည်။ အဆိုပါကိစ္စမှာ ပူးပေါင်းလုပ်ကြံမှုတစ်ခုဖြစ်ကာ သူ့အနေဖြင့်လုံးဝမကျေနပ်ကြောင်းနှင့် နိုင်ငံတော်အစိုးရထံဖြေရှင်းပေးရန် တင်ပြသွားမည်ဟု ပြောသည်။

“ ကျွန်တော်ကတော့ ဒီကိစ္စကို သံသယဖြစ်မိပါတယ်။ မဟုတ်မမှန် လုပ်ကြံမှုလို့ပဲ။ အမှန်တရား ဖြစ်စေချင်ပါတယ် ” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်ရဲစခန်းကို မေးမြန်းရာတွင် လက်ဆောင်ပစ္စည်းများတွင် မူးယစ်ဆေးဝါးများတွေ့ရှိ၍ ဖမ်းဆီးထားသည်ဟု ဖြေဆိုသည်။

“သတင်းအရ သွားဖမ်းတာပါ။ အခုတော့ စစ်ဆေးနေတုန်းပါ ”ဟု မြို့နယ်ရဲစခန်းက တပ်ကြပ်ခင်မောင်အေးက ပြောသည်။

 

ဗီဒီယိုများ