ဘင်္ဂလားဒေ့ရှ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သုံးဦးဒဏ်ရာရ

  "ပစ်ခတ်သံတွေတော့ကြားနေရပါတယ်။ ဘယ်အဖွဲ့အစည်းတွေနဲ့ ဖြစ်နေကြတာလည်း မသိပါ။ မနက် ၇ နာရီကျော်လောက်ကတည်းက ကြားနေရတာပါ။အခုတော့ မကြားရတော့ပါဘူး။ ကျေးရွာသူ/သားတွေကတော့ စိုးရိမ်နေကြပါတယ်”

24 Jan 2019

 ချလူးအောင်/DMG

 ဇန်နဝါရီလ ၂၄၊မောင်တော

 မောင်တောမြို့နယ်မြောက်ပိုင်း၊ဝေလာတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၄၁ ကင်းစခန်း၏  အရှေ့ဖက် တောင် ကြောကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းက  လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၂ ဦးနှင့် အလုပ်သမား တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က DMG ကို အတည်ပြု ပြောသည်။

 ဇန်နဝါရီလ၂၄ ရက်နေ့၊နံနက် ၇ နာရီကျော် အချိန်မှ စတင်ပြီး အမည်မသိ အဖွဲ့အစည်းတစ်ခုက ပစ်ခတ်ခြင်းဖြစ်ပြီး  နံနက် ၈ နာရီကျော် အချိန်ခန့်တွင် ပစ်ခတ်မှုရပ်တန့်သွားသည်။ လက်ရှိတွင်  ပစ်ခတ် သည့်အဖွဲ့ကို စိစစ်နေဆဲဟု ဦးမြင့်ခိုင်က ဆိုသည်။

 "တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ ဘယ်အဖွဲ့နဲ့ဖြစ်တာလဲ စိစစ်ဆဲပါ။ ဟိုဘက်ခြမ်းမှ ပစ်တာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

 အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်ကို ဝေလာတောင်ကျေးရွာက အုပ်ချုပ်ရေးမှူးကလည်း အတည်ပြုသည်။ သို့သော် မည်သည့်အဖွဲ့အစည်းနှင့်ဖြစ်ပွားခဲ့ခြင်းကိုမူ မသိရှိပေ။ 

 "ပစ်ခတ်သံတွေတော့ကြားနေရပါတယ်။ ဘယ်အဖွဲ့အစည်းတွေနဲ့ ဖြစ်နေကြတာလည်း မသိပါ။ မနက် ၇ နာရီကျော်လောက်ကတည်းက ကြားနေရတာပါ။အခုတော့ မကြားရတော့ပါဘူး။ ကျေးရွာသူ/သားတွေကတော့ စိုးရိမ်နေကြပါတယ်” ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံလှမောင်က ပြောသည်။

 ဇန်နဝါရီလ ၁၆ ရက်နေ့က ဝက်ကျိန်းကျေးရွာ တံတားအနီးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသော မော်တော်ယာဉ်အား ARSA အဖွဲ့က လက်နက်ငယ်များပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရှိသွားသည်ဟု အစိုးရ သတင်းထုတ်ပြန်ထားသည်။

 ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးအနီးတွင် တပ်မတော်မှ လှုပ်ရှားစစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ကို ရက္ခိုင့်တပ်မတော်(AA)က ဖြတ်တောက် တိုက်ခိုက်ခဲ့မှုကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သည်။

         

ဗီဒီယိုများ