ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရောက်လာသူ ဘင်္ဂါလီတစ်ဦးကို အရေးယူ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ် တောင်ပြိုဝဲမြို့ နယ်မြေ (၁) သို့ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင်ဘဲ ဝင်ရောက်လာသူ ဘင်္ဂါလီလူမျိုးတစ်ဦးကို အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၉ နာရီခွဲအချိန်က နယ်မြေ (၁) နယ်ခြားစောင့်တပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

27 Oct 2017

နယ်စပ်ကိုဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသူ အဒူလ်ညာလိတ် (အသက် ၃၅ နှစ်)။ ဓါတ်ပုံ - ချလူးအောင်၊ DMG

အောက်တိုဘာ ၂၇၊ ၂၀၁၇ ခုနှစ်။   ။   ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ် တောင်ပြိုဝဲမြို့ နယ်မြေ (၁) သို့ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင်ဘဲ ဝင်ရောက်လာသူ ဘင်္ဂါလီလူမျိုးတစ်ဦးကို အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၉ နာရီခွဲအချိန်က နယ်မြေ (၁) နယ်ခြားစောင့်တပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

ဖမ်းမိသူမှာ ဘူးသီးတောင်မြို့နယ် ကျွန်းပေါက် (ဘင်္ဂါလီရွာ)နေ အဒူလ်ညာလိတ် (အသက် ၃၅ နှစ်) ဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဘင်္ဂါလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် သွားရောက်ခဲ့သည်။ ဘင်္ဂါလားဒေ့ရှ်နိုင်ငံ အူခီယားမြို့နယ် တန်ခါလီကျေးရွာမှာ နေထိုင်ခဲ့ကာ အောက်တိုဘာလ ၂၃ ရက်နေ့တွင် စတင် ထွက်ခွာလာပြီး အောက်တိုဘာလ ၂၄ ရက်နေ့တွင် နယ်စပ်မှတ်တိုင် (၂၉) နှင့် (၃၀) ကြားမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် ဝင်ရောက်လာသည့်အတွက် လဝက၏ အက်ဥပဒေဖြင့် အရေးယူထားကြောင်း နယ်မြေ (၁) နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရားမဝင် ဝင်ရောက်လာသူ အဒူလ်ညာလိတ်အား ဖမ်းဆီးခဲ့သည့် နယ်မြေ (၁) နယ်ခြားစောင့်တပ်ဖွဲ့မှ မောင်တော လဝက ရုံးသို့ လွှဲပြောင်းပေးထားကြောင်း ၎င်းက ပြောသည်။

အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဘူးသီးတောင်၊ မောင်တောဒေသရှိ ဘင်္ဂါလီများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ခွာသွားကြပြီး ၎င်းတို့ကို မြန်မာနိုင်ငံအစိုးရက နှစ်နိုင်ငံ သဘောတူညီချက်ဖြစ်သည့် ၁၉၉၃ ခုနှစ် သဘောတူညီချက်ဖြင့် လက်ခံရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုအချိန်တွင် ယင်းလုပ်ငန်းစဉ်များကို လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသူ မည်သူ့ကို မဆို ဖမ်းဆီးထိန်းသိမ်းနေခြင်းဖြစ်သည်။

သို့သော်လည်း နယ်ခြားစောင့်တပ်ဖွဲ့များ၊ ပြည်နယ်လဝကအဖွဲ့များ လက်လှမ်းမမီသည့်အတွက် ထွက်ခွာသွားသော ဘင်္ဂါလီများမှာ ဘူးသီးတောင်၊ မောင်တောဒေသသို့ ပြန်လည်ဝင်ရောက်မှုများ ရှိနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဗီဒီယိုများ