ဘူးသီးတောင်တွင် ပေါက်ကွဲမှုကြောင့် ကျောင်းသား(၄)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရ

ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တောင်ကုန်းအနီးများတွင် အောက်တိုဘာလတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။ ယခုပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်းကို ဒေသခံများက မသိရှိကြပေ။

By ချလူးအောင် 08 Jan 2020

ချလူးအောင် | DMG
ဇန်နဝါရီ ၇၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထိပ်တူးပေါက်(မွတ်ဆလင်ကျေးရွာ)အနီးရှိ တောင်ကုန်းပေါ်တွင် ယနေ့ ဇန်နဝါရီလ (၇)ရက်နေ့၊ နံနက် (၁၀)နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် ကျောင်းသား (၄)ဦးသေဆုံးသွားကာ (၆)ဦးဒဏ်ရာရရှိသွားသည်ဟု ရွာလူကြီးတစ်ဦးက DMG သို့ပြောသည်။

ကျူရှင်ဆရာနှင့်အတူ ကျေးရွာမှ နှစ်မိနစ်ခန့်သွားရသည့် တောင်ကုန်းပေါ်သို့ ထင်းရှာရန်သွားကြစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် သေဆုံး၊ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ သေဆုံးသူများမှာ အသက်(၁၀) နှစ်အရွယ်နှစ်ဦးနှင့် အသက် (၈)နှစ်အရွယ်နှစ်ဦး ဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ အသက် (၈)နှစ် (၁၀)နှစ်ကြား ငါးဦးနှင့် အသက် (၂၅)နှစ်အရွယ် ကျောင်းဆရာတို့ဖြစ်သည်။

“ကျူရှင်ပြတဲ့ဆရာတစ်ယောက်ရှိတယ်။ သူ့မှာ ထင်းမရှိတော့ သူ့တပည့်တွေကိုခေါ်ပြီး တောင်တက်သွားတယ်။ အဲဒီမှာ ပေါက်ကွဲမှုဖြစ်လို့ သုံးမိနစ်မကြာဘူး ကလေးတစ်ယောက် သွေးရဲရဲနဲ့ ရွာကိုပြေးလာတယ်။ အဲ့တော့ ရွာကလူတွေက သူ့ကိုမေးတယ်။ ကျနော့်ကို မမေးနဲ့ ဟိုသွားကြည့်ပါဆိုတော့ သွားတော့ ကျန်တဲ့လူကိုးယောက်ကို တွေ့ပါတယ်” ဟု အဆိုပါ ရွာလူကြီးက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူ (၆)ဦးအနက် သုံးဦးကို ဒဏ်ရာပြင်းထန်သောကြောင့် မောင်တောဆေးရုံသို့ ပို့ဆောင်ထားကာ ကျန်သုံးဦးကို ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရသည်။

၎င်းတို့ သေဆုံး၊ဒဏ်ရာရရှိခြင်းမှာ မိုင်းပေါက်ကွဲခြင်း(သို့မဟုတ်)လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့်ဆိုသည်ကို သေသေချာချာ မသိရှိရသေးဟု မိသားစုဝင်များနှင့် ရွာလူကြီးများက ပြောကြသည်။ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျေးရွာအနီးရောက်ရှိနေသော တပ်မတော်သားများက လာရောက်စစ်ဆေးမှုများရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တောင်ကုန်းအနီးများတွင် အောက်တိုဘာလတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။ ယခုပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်းကို ဒေသခံများက မသိရှိကြပေ။

ဘူးသီးတောင်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေက “ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းဆဲပါ”ဟု ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး တောတောင်များသို့ ဟင်းရှာ၊ ထင်းခုတ်ရန် မသွားရဲကြတော့ဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်တွင် မိုင်းအန္တရာယ်ကြောင့် သေဆုံးသူ (၁၆)ယောက်ရှိပြီး ဒဏ်ရာရရှိသူ (၅၇)ယောက်ရှိသည်။ ဒဏ်ရာရသူများအနက် (၁၅)ယောက်မှာ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသွားသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ဒီဇင်ဘာလ ပထမပတ်တွင် DMG သို့ ပြောထားသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင် (၂၀၀၀)ကျော် စစ်ဘေးဒဏ်ခံစားရနေရပြီး မြို့နယ်အသီးသီးတွင် ရခိုင်စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိနေကာ စားဝတ်နေရေး၊ ပညာရေး စသည့် အခက်အခဲများရှိနေသည်။

ဗီဒီယိုများ