ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်ရဲကင်းစခန်းတစ်ခုကို AA တိုက်ခိုက်

အဆိုပါ နယ်ခြားစောင့်စခန်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်တို့ ပူးပေါင်းနေပြီး ယခုရက်ပိုင်းတွင် ဒေသခံများကို မတရားဖိနှိပ်၊ ခြိမ်းခြောက်အနိုင်ကျင့်မှုများ ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ရခြင်းဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

26 Jul 2019

ခိုင်ရိုးလ၊ ချလူးအောင် | DMG

ဇူလိုင် ၂၆၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းနယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်(AA)က  ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် (၄)နာရီခန့်တွင် ဝင်ရောက်တိုက်ခဲ့ကြောင်း တပ်မတော်နှင့် AA က DMG ကို အတည်ပြုပြောကြားသည်။

အဆိုပါ နယ်ခြားစောင့်စခန်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်တို့ ပူးပေါင်းနေပြီး ယခုရက်ပိုင်းတွင် ဒေသခံများကို မတရားဖိနှိပ်၊ ခြိမ်းခြောက်အနိုင်ကျင့်မှုများ ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ရခြင်းဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

“ကျွန်တော်တို့က စခန်းကိုတက်သိမ်းတာမျိုးမဟုတ်။ သတိပေး တိုက်ခိုက်မှုတွေ လုပ်တဲ့ အဆင့်ပဲရှိတယ်။ အဲဒီစခန်းဟာ ဒီရက်ပိုင်းမှာ ဆိုးသွမ်းတာတွေများလာတဲ့အတွက်နဲ့ လိုအပ်တဲ့ သတိပေးပစ်ခတ်မှုတို့လုပ်တာ” ဟု ၎င်းက ဆိုသည်။

တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရရှိသွားပြီး ဘူးသီးတောင်မြို့နယ်တွင် ဆေးကုသရန်ပို့ဆောင်ထားသည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“တိုက်တာက နာရီဝက်ကျော်ကျော်လောက်ကြာတယ်။ ဒါပေမယ့် ရဲကင်းစခန်းဘာမှဖြစ်မသွားဘူး။ ရဲတပ်ဖွဲ့ဝင်နှစ်ဦးပဲ ဒဏ်ရာရတယ်။ AA ကတော့ ကျတာတွေရှိတယ်။ သေနတ်တွေကျန်ခဲ့တာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

ယင်းစခန်းတွင် တပ်မတော်သားများလုံးဝမရှိကြောင်းနှင့် ဒေသခံများကိုလည်း ခြိမ်းခြောက်အနိုင်ကျင့်မှုများလည်း မရှိဟု အနောက်ပိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တုန့်ပြန်သည်။

“AA က အမြဲတမ်းစွပ်စွဲနေတာပဲ ” ဟု ၎င်းကဆိုသည်။

AA သည် နယ်ခြားစောင့်စခန်းကို တိုက်ခိုက်ပြီးနောက် ကာဒီမွတ်ဆလင်ကျေးရွာကို ဝင်ရောက်ပစ်ခတ်မှုကြောင့် အမျိုးသမီး (၃)ဦး ဒဏ်ရာရရှိသွားသည်ဟု တပ်မတော်ကပြောသည်။ သို့သော် အရပ်သားများကို ပစ်ခတ်ခဲ့မှု မရှိကြောင်း နှင့် မိမိတို့တပ်ဖွဲ့ဝင်များလည်း ကျဆုံးမှုမရှိခဲ့ကြောင်း AA ဘက်က ပြောသည်။

“သတိပေးပစ်ခတ်လို့ပြီးရင် အေးအေးဆေးဆေးပြန်လာတာ။ သူတို့က စခန်းကနေပြီးတော့ အဲဒီနားက ရွာတွေကို အားလုံးပစ်တယ်။ အရပ်သားတွေဘက်ကို ဦးတည်ပြီးပစ်တယ်။ အဲဒီမှာ ဘင်္ဂလီအမျိုးသမီး သုံးဦးသေပြီးတော့ ရခိုင်တစ်ယောက်သေသွားတယ်လို့ ကျနော်တို့သတင်းတော့ ရတယ်။ အဲဒါ ဗမာစစ်တပ်ဘက်က ပစ်တာ” ဟု ခိုင်သုခက ပြောသည်။

စခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် တပ်မတော်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေမူကြောင့် ညောင်ချောင်းကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးသွားနေကြရကြောင်း ညောင်ချောင်ကျေးရွာမှ မသန်းအေးကပြောသည်။

“ ဘယ်သူမှ ထွက်မကြည့်ရဲဘူး။  ရွာနဲ့ စခန်းက ၂ ဖာလုံလောက်သာဝေးတာပါ။ ပြောသံကြားတာကတော့ ရဲတစ်ဦးကျတယ် ၂ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ မနက် ၆ နာရီကစပြီး တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ မနက် ၈ နာရီကျော်အထိ ပစ်နေတော့ ရွာသားတွေလည်း နောက်ထပ် တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် မော်တော်ဘုတ်တွေနဲ့ ခွဆုံ၊ ဘူးသီးတောင်မြို့ပေါ်တွေကို ထွက်ပြေးလာကြတာပါ။ ရွာမှာတော့ သက်ကြီးပိုင်းတွေ ကျန်နေခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

ရက္ခိုင့်တပ်တော်(AA)သည် ပြီးခဲ့သည့် ဇန်နဝါရီလ (၄)ရက်(လွတ်လပ်ရေးနေ့)ကလည်း ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းလေးခုကို တစ်ပြိုင်တည်းဝင်ရောက်တိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ကျဆုံးမှုများရှိခဲ့သည်။ ယင်းအပြင် ပြီးခဲ့သည့် မတ်လကလည်း ပုဏ္ဏားကျွန်းမြို့နယ် ၊ ယိုးတရုတ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် (၉)ဦးသေဆုံးသွားသည်။

ဗီဒီယိုများ