ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်တချို့ နေရပ်ပြန်

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ်၊ စံဂိုးထောင်ကျေးရွာသို့ ထွက်ပြေးလာကြသည့် ဥယျာဉ်သာကျေးရွာက စစ်ဘေးရှောင်များမှာ ဇန်နဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းက မိမိတို့ မူလနေရပ်သို့ ပြန်သွားကြပြီဟု ဥယျာဉ်သာကျေးရွာမှ ဦးအောင်သန်းက ပြောသည်။

19 Jan 2019

ချလူးအောင် / DMG
ဇန်နဝါရီလ ၁၈၊ ဘူးသီးတောင်

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ်၊ စံဂိုးထောင်ကျေးရွာသို့ ထွက်ပြေးလာကြသည့် ဥယျာဉ်သာကျေးရွာက စစ်ဘေးရှောင်များမှာ ဇန်နဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းက မိမိတို့ မူလနေရပ်သို့ ပြန်သွားကြပြီဟု ဥယျာဉ်သာကျေးရွာမှ ဦးအောင်သန်းက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့က ဥယျာဉ်သာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၂၁၆ )ဦးမှာ ရွာနှင့် ၂ ဖာလုံခန့်ဝေးကွာသည့် စံဂိုးထောင်ကျေးရွာသို့ ထွက်ပြေးလာကြခြင်းဖြစ်သည်။ လက်ရှိတွင် ယင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသောကြောင့် နေရပ်ပြန်ခြင်းဟု ဦးအောင်သန်းက ဆိုသည်။

"သက်ကြီးရွယ်အိုလောက်သာ စံဂိုးထောင်ကျေးရွာမှာ ကျန်ခဲ့ပါတယ်။ အားလုံးနီးပါး အိမ်ပြန်ကြပါပြီ။ အခုက တိုက်ပွဲတွေလည်း ငြိမ်သွားပြီဆိုတော့ ရွာမှာကျန်ခဲ့တဲ့ ကျွဲ၊ နွားဝက်ကြက်တွေကိုလည်း ထိန်းသိမ်းဖို့လိုတယ်။ စိုက်ပျိုးထားတဲ့ သီးနှံတွေ၊ နောက်ပြီး နေအိမ်တွေပါ လူမနေရင် ပျက်စီးသွားနိုင်တယ်။ ဒါကြောင့် အိမ်ပြန်ကြတာပါဟု ဦးအောင်သန်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ်ရှိ ကြာညိုပြင်၊ ရေကောင်းချောင်း စသည့်ကျေးရွာများတွင် စစ်ဘေးရှောင်များ ခိုလှုံလျက်ရှိသည်။

ဗီဒီယိုများ