ယာယီစခန်းတစ်ခု သိမ်းပိုက်ရရှိဟု တပ်ထုတ်ပြန်ချက် AA ငြင်း

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာရှိ ရက္ခိုင့်တပ်မတော်(AA)၏ ယာယီစခန်းတစ်ခုအား ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းက တိုက်ခိုက် သိမ်းပိုက်ရရှိသည်ဟု တပ်မတော်ထုတ်ပြန်ချက်ကို “သတင်းအမှားသာ”ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက DMG ကို တုန့်ပြန်ပြောဆိုသည်။  

17 Jan 2019

ခိုင်ရိုးလ / DMG

ဇန်နဝါရီလ ၁၇၊ ဘူးသီးတောင်

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာရှိ ရက္ခိုင့်တပ်မတော်(AA)၏ ယာယီစခန်းတစ်ခုအား ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းက တိုက်ခိုက် သိမ်းပိုက်ရရှိသည်ဟု တပ်မတော်ထုတ်ပြန်ချက်ကို “သတင်းအမှားသာ”ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက DMG ကို တုန့်ပြန်ပြောဆိုသည်။  

တပ်မတော်စစ်ကြောင်းများက သောင်းကျန်းသူများ နှိမ်နင်းရေးနှင့် နယ်မြေလုံခြုံရေးများကို လုပ်ဆောင်လျက်ရှိစဉ် တပ်မတော်စစ်ကြောင်း တစ်ကြောင်းက AA အဖွဲ့မှ အင်အား ၅၀ ဦးခန့် ယာယီအခြေပြုနေသည့် စခန်းတစ်ခုအား တွေ့ရှိရသဖြင့် ထိတွေ့တိုက်ခိုက် သိမ်းပိုက်သည်ဟု တပ်မတော်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ခိုင်သုခက “အဲဒါက သတင်းအမှားပါ။ အဲလိုဖြစ်စဉ်မျိုး ဘာမှမရှိဘူး။ မနေ့က ၁၆ ရက်နေ့ တစ်နေ့လုံးမှာ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ် လုံးဝမရှိခဲ့ဘူးဗျာ” ဟု ပြောသည်။

သရက်ပြင်အနီး စခန်းသိမ်းတိုက်ပွဲတွင် တပ်မတော်စစ်ကြောင်းဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ AA အလောင်းငါးလောင်း၊ အမ် (၂၂)သေနတ်တစ်လက်၊ အမ်(၁၄)သေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ၊ တစ်ယောက်ပစ်ကျင်း ၅၀ ကျင်း၊ နှစ်ယောက်ပစ်ကျင်း ငါးကျင်းတို့အား သိမ်းပိုက်ရရှိသည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

သရက်ပြင်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၃ ရက်နေ့တွင်သာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး တပ်မတော်ဘက်က အကျအဆုံးရှိခဲ့သည်ဟု ခိုင်သုခက ဆက်လက်ဆိုသည်။

“ အဲဒီ သရက်ပြင်နားမှာ ဖြစ်တဲ့တိုက်ပွဲက လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကဖြစ်တာ။ အဲဒီနေ့မှာတော့ သူတို့ဘက်က ၂၂ တပ်ရင်းတစ်ခုနဲ့ ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာမီတာ ၂၈၀၀ အကွာအဝေးမှာ မနက် ၈ နာရီကနေ ၉ နာရီ ၂၀ ခန့်ထိ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ အဲဒီတိုက်ပွဲမှာ ဗမာ့တပ်မတော်ဘက်က ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦအပါဝင် ၂၀ ဦးခန့် ကျဆုံးတာရှိတယ် ” ဟု ခိုင်သုခက ဆိုသည်။

တပ်မတော်အနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် ရက္ခိုင့်တပ်မတော်(AA)ကို နှိမ်နင်းရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

 

ဗီဒီယိုများ