ရခိုင်မှာ မိုးရာသီမကျမီ ပြန်လည်ပြင်ဆင်ပေးဖို့ ဘင်္ဂလီ ဒုက္ခသည်စခန်းအလိုက် အိမ်အလုံးပေါင်း ၅၀၀ လုံး ခန့်လိုအပ်နေကြောင်း နယ်လုံဝန်ကြီးဗိုလ်မှူးကြီးထိန်လင်းပြောကြား

ရခိုင်ပြည်နယ်အတွင်းတွင် မိုးရာသီမကျမီ ဘင်္ဂလီဒုက္ခသည်စခန်းအလိုက် အလုံးပေါင်း ၅၀၀ ခန့်ကို ပြင်ဆင်ပေးဖို့ လိုအပ်နေကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း က ပြောကြားသည်။   

05 May 2017

 မေလ ၄ ရက်နေ့က ပြုလုပ်သည့် UN/INGO များ နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပေါင်းစပ်ညှိနှိူင်းရေး ဆွေးနွေးပွဲတို့တွင် ဗိုလ်မှူးကြီး ထိန်လင်းက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

 

လက်ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒုက္ခသည်စခန်းများနှင့် ပတ်သတ်ပြီး ဒုက္ခသည်များအား မိမိတို့၏ မူလနေရာသို့ ပြန်လည်နေရာချထားရေး၊ မူလနေရာတွင် နေထိုင်ရန် အခက်အခဲဖြစ်နေသည့် ဒုက္ခသည်များအား မူလနေရာထက် သာလွန်သည့်နေရာတွင် ပြန်လည်နေရာချထားရေး လုပ်ငန်းနှင့် မိမိနေရာသို့ ပြန်ရန်အခက်အခဲဖြစ်နေခြင်းနှင့် နေရာအသစ်သို့ ပြောင်းရွှေ့ရန် အခက်အခဲရှိနေသည့် ဒုက္ခသည်စခန်းများကို လက်ရှိနေထိုင်သော ဒုက္ခသည်စခန်းများ၌သာ နေရာချပေးထားကြောင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဆိုသည်။

 

“ အချို့Camp တွေကတော့ မိုးမကျမီ ပြန်လည်ပြင်ဆင်ပေးဖို့ အရေးတစ်ကြီး လိုအပ်နေတာ ရှိပါတယ်။ ဒါကြောင့်မို့ လက်ရှိက ကျနော်တို့ စာရင်းဇယားတွေအရ ဒုက္ခသည်စခန်း ပြင်ဆင်ပေးဖို့ အလုံးပေါင်း ၄၇၅ လုံး ရှိပါတယ်။ နတလက အလုံး (၅၀)ပြင်ဆင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ကျနော်တို့ အစိုးရအဖွဲ့က ၄၃ လုံး၊ လူကယ်/ပြန် ၁၀၇ လုံး ပြင်ဆင်ပေးဖို့ ရှိပါတယ်။ ကျန်တဲ့အလုံးရေ ၁၇၅ လုံးက ပြုပြင်ဖို့ လိုအပ်လျက်ရှိပါတယ်။ ” ဟု ၎င်းကပြောသည်။

 

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဘင်္ဂလီနှင့် ရခိုင်လူမျိုးတို့ကြား ပဋိပက္ခဖြစ်ပွားခဲ့ရာမှ ဒုက္ခသည် စခန်းများဖွင့်လှစ်ခဲ့ရကာ ဒုက္ခသည် ရခိုင်တချို့နှင့် ဘင်္ဂလီတချို့တို့ ခိုလှုံခဲ့ရသည်။

 

ယခုအခါတွင် ရခိုင်ဒုက္ခသည် စခန်းများကို မူလနေရာတွင် ပြန်လည် နေရာချထားပေး ထားပြီဖြစ်ကာ လက်ရှိ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီဒုက္ခသည် စခန်းပေါင်း ၄၃ ခုရှိပြီး ဘင်္ဂလီ ဒုက္ခသည် ဦးရေပေါင်း ၁၃၈၀၀၀ ကျော်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

 

၂၀၁၂ ခုနှစ် ကုလား-ရခိုင် ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ဒုက္ခသည်စခန်းတို့တွင် လုံခြုံရေးစခန်းများ ချပေးထားကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားခဲ့သည်။

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒုက္ခသည်စခန်းများကို ကူညီရာတွင် UN/INGO အဖွဲ့များနှင့် ပူးပေါင်းလျက်ရှိကြောင်း၊ လက်ရှိ ဒုက္ခသည်စခန်းများအား ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း ကူညီနေသည့် UN/INGO ပေါင်း ၃၁ ခု ရှိကြောင်း၊ ယင်း အဖွဲ့ (၃၁)ခုကို ပြည်နယ်ဝန်ကြီးချုပ် ဦးစီးပြီး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။  

 

မေလ ၄ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကျင်းပနေစဉ်။ 

ဗီဒီယိုများ