ရခိုင်တောင်ပိုင်းမှာ မဲဆွယ်သွားသည့် ရခိုင်အမျိုးသားပါတီ ဇက်ရေယာဉ်နစ်မြုပ်ဟု သတင်းမှားဖြန့်ဝေမှုများရှိခဲ့

ကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ရခိုင်ပြည်နယ် တောင်ပိုင်းသို့ မဲဆွယ်စည်းရုံးရန်သွားသည့် ရခိုင်အမျိုးပါတီ ဇက်ရေယာဉ်နစ်မြုပ် ဆိုသည့်သတင်းအမှားတစ်ခု အောက်တိုဘာလ ၂၆ ရက်နေ့တွင် လူမှုကွန်ယက်အသုံးပြုသူများကြား၌ ပျံ့နှံ့ခဲ့သည်။ 

29 Oct 2020

(ဓာတ်ပုံ - Gambarri' Facebook)

ပုလုမောင် | DMG
အောက်တိုဘာ ၂၉ ၊ စစ်တွေ

ကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ရခိုင်ပြည်နယ် တောင်ပိုင်းသို့ မဲဆွယ်စည်းရုံးရန်သွားသည့် ရခိုင်အမျိုးပါတီ ဇက်ရေယာဉ်နစ်မြုပ် ဆိုသည့်သတင်းအမှားတစ်ခု အောက်တိုဘာလ ၂၆ ရက်နေ့တွင် လူမှုကွန်ယက်အသုံးပြုသူများကြား၌ ပျံ့နှံ့ခဲ့သည်။

“Breaking News လုံးဝ စိတ်မကောင်းစရာဖြစ်ရပ်ပါ။ ရခိုင်ပြည်တောင်ပိုင်းသို့ မဲဆွယ်စည်းရုံးရေးရောက်ရှိနေသည့် ANP ဇက်ယာဉ်သည် သံတွဲမှ ဂွမြို့သို့အသွားတွင် နစ်မြုပ်ဟုကြားရ၊ သတင်းမှန်/မမှန် အတည်ပြုပေးကြပါ” ဟု “မင်းထီး” ဆိုသည့် Facebook Account မှ အောက်တိုဘာလ ၂၆ နေ့တွင် ပို့စ်တင်ခဲ့သည်။

ယခုပို့စ်ကို အောက်တိုဘာလ ၂၈ ရက် ညနေပိုင်းအထိ တင်ထားခဲ့သည်ကို တွေ့ရသည်။ (ဓာတ်ပုံ - Gambarri' Facebook)

အဆိုပါပို့စ်တွင် သုံးထားသော ဓာတ်ပုံသည် ရခိုင်အမျိုးသားပါတီ မဲဆွယ်စည်းရုံးရေးသွားသည့် ဓာတ်ပုံဖြစ်သော်လည်း ရေးသားထားသော စာများသည် သတင်းအမှားဖြစ်ကြောင်းကို DMG က ရေးသားခဲ့သည့် “ANP အောင်နိုင်ရေး အင်အားပြ ဇက်ရေယာဉ် ဂွမြို့တွင် ကမ်းကပ်ခွင့်မရ” သတင်းတွင် တွေ့မြင်နိုင်သည်။ ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေးကော်မတီက ဦးဆောင်လိုက်ပါလာသော ဇက်ရေယာဉ်သည် အောက်တိုဘာ ၂၄ ရက်က စစ်တွေမြို့မှ စတင်ထွက်ခွာသွားရာ အောက်တိုဘာ ၂၆ ရက် ညနေ ၃ နာရီအချိန်၌ ဂွမြို့ကိုရောက်ရှိခဲ့သည်။

အဆိုပါသတင်းမှားကို ပို့စ်တင်ခဲ့သည့် “မင်းထီး” အကောင့်ကို လေ့လာကြည့်ရာ ၎င်းအကောင့်တွင် ယနေ့အထိ Friend (၁၉၀) ဦးရှိပြီး အကောင့်ဖွင့်ထားသည်မှာ မကြာသေးပေ။ ထို့အပြင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ပို့စ်အချို့ တင်ထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါပို့စ်ကို အောက်တိုဘာလ ၂၈ ရက် ညနေပိုင်းအထိ တင်ထားခဲ့ပြီး ပို့စ်တင်စဉ်က မင်းထီးအကောင့်၏ Profile မှာ စစ်ဗိုလ်တစ်ဦး၏ပုံဖြစ်သည်။ လက်ရှိမှာတော့ လူငယ်တစ်ဦး၏ပုံ ပြောင်းထားသည်ကို တွေ့ရသည်။

ထို့ကြောင့် မင်းထီး အကောင့်ပိုင်ရှင်ကို DMG က မက်ဆင်ဂျာမှတဆင့် ဆက်သွယ်ကြည့်ရာ “ကျနော်အခု အဲ့ပို့စ်ကို ဖျက်လိုက်ပြီ။ ပထမက သတင်းမတိကျလို့ အတည်ပြုပေးကြဖို့ ထည့်ရေးပြီး တင်ခဲ့တာ” ဟု အကြောင်းပြန်ခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၂၆ ရက်နေ့တွင်ပင် Win Aung နှင့် Shwe Myathar အမည်ရှိ Facebook အကောင့်များကလည်း အဆိုပါဇက်ရေယာဉ်နစ်မြှုပ်သည် ဆိုသည့်ကိစ္စနှင့်ပင် ANP ပါတီကို ခနဲ့သည့်ပို့စ်များ တင်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ အကောင့်နှစ်ခုစလုံးသည် အကောင့်တုများဖြစ်ကြသည်။ လက်ရှိမှာ ၎င်းတို့၏ပို့စ်များကို ပြန်လည်ဖြုတ်ချထားကြပြီး ၎င်းတို့၏ အကောင့်ကို လေ့လာကြည့်ရာ နိုင်ငံရေးလောကနှင့် မစိမ်းကြသူများဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

ယခုသတင်းအမှားနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ လူငယ်အင်အားစုခေါင်းဆောင် ကိုခင်ဝင်းမောင်က “ပါတီတစ်ခုနဲ့တစ်ခုကြား မူဝါဒတွေကို ဝေဖန်ထိုးနှက်ကြတာတွေရှိမယ်။ ပြီးခဲ့တဲ့သက်တမ်းက လုပ်ရပ်တွေအပေါ်မှာ ဝေဖန်တာရှိမယ်၊ ထိုးနှက်တာရှိမယ်၊ တိုက်ခိုက်တာရှိမယ်။ Democratic Culture (ဒီမိုကရေစီယဉ်ကျေးမှု) မှာ ဒါတွေကတော့ ရှိနေမှာပဲ။ ဒါပေမဲ့ သတင်းမှားနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ သတင်းမှားမှာတောင် အသက်အန္တရာယ်နဲ့ပတ်သက်ပြီး ထိကပါးရိကပါး (ဒေအသုံးအနှုန်းကိုကောင်းမရှင်း) လုပ်တာတွေကျတော့ လုံးဝကောင်းမွန်တဲ့ ယဉ်ကျေးမှုတစ်ရပ်မဟုတ်ဘူးလို့ ကျနော်မြင်တယ်။ ဒီယဉ်ကျေးမှုကို လက်ဆင့်ကမ်းပြီး မသယ်လာသင့်ဘူး” ဟု မှတ်ချက်ပြုသည်။

ဗီဒီယိုများ