ရခိုင်မြောက်ပိုင်း မြို့နယ် (၈) ခုတွင် အင်တာနက်အသုံးပြုခွင့် ပိတ်ပင်

မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် မြေပုံမြို့နယ် တို့တွင် MPT ၊ Mytel ၊ Telenor နှင့် Ooredoo တို့၏ အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ဖုန်းပြောဆိုခြင်းနှင့် မက်ဆေ့ပို့ခြင်းများကိုသာ ပြုလုပ်နိုင်တော့သည်ဟု သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

22 Jun 2019

Photo - facebook

ဖဒူ ထွန်းအောင် | DMG

ဇွန် ၂၂၊ စစ်တွေ

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှု ရှိနေသည့် ရခိုင်ပြည်နယ်က မြို့နယ်(၈) မြို့နယ်တွင် ယမန့်နေ့  ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး အင်တာနက်အသုံးပြုခွင့်ကို အစိုးရက ပိတ်ပင်လိုက်သည်။

မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် မြေပုံမြို့နယ် တို့တွင် MPT ၊ Mytel ၊ Telenor နှင့် Ooredoo တို့၏ အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ဖုန်းပြောဆိုခြင်းနှင့် မက်ဆေ့ပို့ခြင်းများကိုသာ ပြုလုပ်နိုင်တော့သည်ဟု သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

“လူကြီးမင်းနေထိုင်ရာဧရိယာတွင် ဒေတာနှင့် အင်တာနက်ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းရန် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေး ဝန်ကြီးဌာနက ညွှန်ကြားထားပါသည်။ ဖုန်းခေါ်ခြင်းနှင့် စာတိုဝန်ဆောင်မှုများကို မူလအတိုင်းဆက်လက် ရရှိနေပါမည်။ ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်ပေးအပ်နိုင်ရန် ကြိုးစားသွားပါမည်ဖြစ်ပါ၍ စာနာနား လည်ပေးနိုင်ပါရန် အသိပေးအပ်ပါသည်”ဟု အဆိုပါ မြို့နယ်များက သုံးစွဲသူများထံ Telenor က စာတိုပေးပို့ ထားသည်။

အစိုးရအနေဖြင့် လိုအပ်ချက်အရ ပိတ်ပင်လိုက်ခြင်းဆိုသော်လည်း အဆက်အသွယ် ပြတ်တောက်သွားသောကြောင့် ပြည်သူလူထုအတွက် အခက်အခဲများ ဖြစ်လာနိုင်သည်ဟု ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သောင်းရွှေက ပြောသည်။

“အဲဒီလို မလုပ်သင့်ဘူး။ စစ်ပွဲဖြစ်တယ်ဆိုပြီးတော့ အဲလိုဖြတ်တောက်ထားဖို့၊ သူတို့အတွက်ပဲ အသုံးပြုတာက မဖြစ်ဘူးလေ။ ပြည်သူလူထု အများအကျိုးရှိဖို့ လုပ်ရမယ်။ အဲဒီ စစ်ပွဲဖြစ်နေတဲ့သူတွေအတွက်ပဲ ရည်ရွယ်ပြီး မလုပ်သင့်ဘူးပေါ့။ အားလုံးသူ ရည်ရွယ်ရမယ်”ဟု ၎င်းက ဆိုသည်။

အင်တာနက် ဖြတ်တောက်လိုက်မှုကြောင့် သတင်းအချက်အလက်များ ဖတ်ရှုရာတွင် အခက်အခဲများဖြစ် လာနိုင်သကဲ့သို့ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များတွင်လည်း အခက်အခဲများ ဖြစ်လာနိုင်သည်ဟု ဒေသခံများ က ပြောကြသည်။

ရခိုင်ပြည်နယ်က မြို့နယ် (၈) မြို့နယ်အပြင် တိုက်ပွဲများဖြစ်ပွားနေသည့်် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို လည်း အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ထားသည်။

 အဆိုပါ မြို့နယ်များတွင် အများပြည်သူလုံခြုံရေး အခြေအနေအရ တည်ငြိမ်အေးချမ်းမှုပျက်ခြင်း၊ တရား ဥပဒေစိုးမိုးမှု မကောင်းဖြစ်နေသည့် အခြေအနေပေါ် မူတည်ပြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက 7 Day daily ကို ပြောဆိုထားသည်။ 

ဗီဒီယိုများ