ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးဝင်းအတွင်း မီးလောင်မှုတွင် ဆိုင်ကယ် ၄၇ စီးနှင့် ဆိုက်ကားတစ်စီးဆုံးရှုံး၊ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းကို စုံစမ်းဆဲ

“စပြီးမီးလောင်ကျွမ်းတာ ဘယ်ကနေ ဘယ်လိုလောင်တယ်ဆိုတာကို အတိအကျမသိသေးပါဘူး။ ရဲက စုံစမ်း နေပါတယ် ” ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။

10 Jan 2019

ခိုင်ရိုးလ / DMG

ဇန်နဝါရီလ ၁၀ ရက်၊ စစ်တွေ

ဇန်နဝါရီလ ၉ ရက်နေ့ ညနေ့ ၁၁ နာရီခွဲအချိန်က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးဝင်းအတွင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၎င်းမီးလောင်မှုတွင် သက်သေခံအဖြစ်သိမ်းဆည်းထားသည့် ဆိုင်ကယ် ၄၇ စီးနှင့် ဆိုက်ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရသည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို မသိရှိရသေးဘဲ ရဲတပ်ဖွဲ့မှ စုံစမ်း နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဆန်းဝင်းက ပြောသည်။

“စပြီးမီးလောင်ကျွမ်းတာ ဘယ်ကနေ ဘယ်လိုလောင်တယ်ဆိုတာကို အတိအကျမသိသေးပါဘူး။ ရဲက စုံစမ်း နေပါတယ် ” ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးဝင်းအတွင်း၌ မီးလောင်မှုဖြစ်ပွားသည့်နေရာမှာ သက်သေခံ ဆိုင်ကယ်နှင့် ဆိုက်ကားများ ထားရှိသည့်နေရာတွင်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ကား ၄ စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ အခြား နေရာများသို့ ကူးစက်မှုမရှိခဲ့ပေ။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မီးအားပေါ့ဆစွာပြုလုပ်သူ (စိစစ်ဆဲ)အား စစ်တွေမြို့မရဲစခန်းတွင် (ပ) ၁၁၃ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆(မီးရှိုးမှု)ဖြင့် အမှုဖွင့် ထားကြောင်း အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ - Min Bar Chay

ဗီဒီယိုများ