ရခိုင်က မြို့နယ် ၇ ခုတွင် မဲစာရင်းများကို အွန်လိုင်းမှကြည့်ရန် မဖြစ်နိုင်

Covid-19 ရောဂါကြောင့် Stay at home သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်တွင် (ဒုတိယအကြိမ်အဖြစ်) နောက်ဆုံးထုတ်ပြန်သည့် မဲစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်ထားသလို အွန်လိုင်းမှတဆင့် ကြည့်ရန်မဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုကြသည်။

By မင်းထွန်း 02 Oct 2020

မင်းထွန်း | DMG
အောက်တိုဘာ ၂ ၊ စစ်တွေ

Covid-19 ရောဂါကြောင့် Stay at home သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်တွင် (ဒုတိယအကြိမ်အဖြစ်) နောက်ဆုံးထုတ်ပြန်သည့် မဲစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်ထားသလို အွန်လိုင်းမှတဆင့် ကြည့်ရန်မဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုကြသည်။

လက်ရှိတွင် UEC မှထုတ်ပြန်ထားသည့်အတိုင်း မဲစာရင်းများကို အွန်လိုင်းမှတဆင့်ကြည့်ရန် အခက်အခဲများ ရှိနေသလို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားသည့်မဲစာရင်းများကို သွားကြည့်ရန် ကိုဗစ်အကန့်အသတ်များ ရှိနေသည့်အတွက် အခက်အခဲဖြစ်နေကြောင်း မြောက်ဦးမြို့နယ်ဒေသခံ ကိုဇော်ထွန်းက ပြောသည်။

“အခုပြောတဲ့ UEC က ထုတ်ပြန်တဲ့အရာကိုမပြောနဲ့ ဘယ်လိုထုတ်ပြန်ချက်မျိုးကိုမှ ကြည့်လို့မရဘူး။ ဖေ့ဘုတ် ဖွင့်ရင်လည်း News feed တောင်ကြည့်လို့မရဘူး။ အဲတော့ မြောက်ဦးမြို့အပါအဝင် အင်တာနက် 2G ပေးထား တဲ့ မြို့နယ်အကုန်လုံး ပလက်ဝထိပေါ့ ဘာပဲထုတ်ပြန်ထုတ်ပြန် အင်တာနက်က အသုံးမဝင်ပါဘူး။ ဆိုတော့ ရွေးကောက်ပွဲမှာ ကိုယ့်မဲစာရင်းပါ/မပါဆိုတာတောင် အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကပ်ထားတာရှိတယ်။ အဲတာ တွေကို သွားကြည့်ဖို့ဆိုတာတောင်မှ Covid-19 ကြောင့် Stay at home လုပ်ခိုင်းထားတဲ့အခြေအနေမျိုးမှာ အဲဒီကို သွားကြည့်ဖို့ဆိုတာလည်း အဆင်မပြေဘူး” ဟု သူကပြောသည်။

ရခိုင်မှ မြို့နယ်(၇)ခုတွင် 2G အင်တာနက်သာရရှိပြီး အပြည့်အဝ သုံးစွဲ၍မရသည့်အတွက် အွန်လိုင်းမှတစ်ဆင့် မဲစာရင်းများကိုကြည့်ရန် အခက်အခဲဖြစ်ပေါ်နေကြသလို ယင်းမြို့နယ်များတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် အွန်လိုင်းမှတဆင့် မဲဆွယ်စည်းရုံးရန် အခက်အခဲများ ဖြစ်ပေါ်နေကြခြင်း ဖြစ်သည်။

သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များ အနေဖြင့်လည်း စက်တင်ဘာလ ၄ ရက်နေ့အထိ ပြုစုထားသော မဲဆန္ဒရှင်စာရင်းများကို ထည့်သွင်းထားသည့် Web Application ဖြစ်သော  Findyourpollingstation.uec.gov.mm တွင် မဲစာရင်းကို ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်ကြောင်း မကြာသေးမီက UEC မှ ထုတ်ပြန်ထားသည်။

ယင်းအပြင် Mobile Application ဖြစ်သည့် Findyourpollingstation.apk ကို Google Play Store တွင် Download ရယူပြီး မိမိတို့၏အမည် မဲစာရင်းတွင်ပါ/မပါကို စစ်ဆေးနိုင်ရန် စီစဉ်ထားရှိကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

သို့သော် UEC မှထုတ်ပြန်ချက်များကို အွန်လိုင်းမှကြည့်ရှုရန် အင်တာနက်လိုင်းမရှိကြောင်းနှင့် မဲစာရင်းများနှင့် ပတ်သတ်ပြီး စိတ်ဝင်စားမှုမရှိကြောင်း ရသေ့တောင်မြို့နယ်ဒေသခံ ကိုဘက္ကာကပြောသည်။

“ကျနော်တို့အနေနဲ့တော့ မဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဒေသက စစ်ရေး ပဋိပက္ခနယ်မြေဖြစ်တယ်၊ နောက်ပြီးတော့ Covid-19 ရောဂါကလည်း ပိုပြီးဆိုးနေတယ်။ အဲဒါကြောင့် ကျနော်တု့ိပြည်သူတွေက မဲပေးရမှာ သူတို့ရဲ့ဦးနှောက်ထဲမှာ မရှိဘူး။ မဲစာရင်းမှာ သူတို့နာမည်ပါလားဆိုတာကို သွားလို့လည်းမကြည့်ဖြစ်ကြဘူး၊ ကြည့်လည်းမကြည့်ဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိ လွှတ်တော်နိုင်ငံရေးအပေါ် ပြည်သူလူထုစိတ်ဝင်စားမှု အားနည်းနေသည့်အချိန်တွင် တိုက်ပွဲများဖြစ်ပွား နေခြင်း၊ ကိုဗစ်ရောဂါ ဖြစ်ပွားနေခြင်းတို့ကြောင့် လူထုအနေဖြင့် ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှု အလွန် အားနည်းနေသည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောသည်။

“ပြည်သူတွေအနေနဲ့ မဲစာရင်းကိုသွားမကြည့်ဘူး၊ သူတို့ရဲ့ နာမည်တွေပါ/မပါကို သွားမကြည့်ကြဘူး၊ မဲပေးချင် ပါတယ်ဆိုပြီးတော့ တောင်းဆိုတာလည်းမရှိဘူး။ အဲဒါကြောင့် ကျနော်တို့ပါတီတွေအနေနဲ့လည်းပဲ ပြည်သူတွေ မဲမပေးဘဲနေမှာကို စိတ်မကောင်းဖြစ်တယ်၊ စိတ်ပူပန်တယ်။ ပြည်သူတွေမှာလည်း သူတို့အခက်အခဲနဲ့ သူတို့ ဆိုတော့ အတင်းမဲပေးပါဆိုပြီး လုပ်ဖို့မသင့်တော်ဘူး။ ကျနော်တို့က သဘောတရားလောက်ပဲ ပြောပြရတယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် ရခိုင်တွင် ကိုဗစ်ရောဂါကြောင့် Stay at home သတ်မှတ်ထားသည့်အတွက် ပြည်သူလူထုများနှင့် တွေ့ဆုံခွင့်မရရှိခြင်းကြောင်း ပြည်သူများမဲပေးနိုင်ရေး တိုက်တွန်းရန် အခွင့်မသာကြောင်း ဦးဖေသန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဒုတိယအကြိမ်ကောက်ခံထားသည့် မဲဆန္ဒရှင်စာရင်းအရ မဲပေးခွင့်ရှိသူဦးရေ ၁,၆၄၇,၀၀၀ ကျော်ရှိပြီး မဲရုံစုစုပေါင်း ၂၅၉၆ ရုံဖွင့်လှစ်ရန်စီစဉ်ထားကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဗီဒီယိုများ