ရခိုင်ကမ်းရိုးတန်းဒေသသို့ မိုရာမုန်တိုင်း ဝင်ရောက်လာနိုင်သောကြောင့် ရခိုင်ရေလုပ်သားများ ငါးဖမ်းရန် မသွားဝံ့သဖြင့် စားဝတ်နေရေးအခက်တွေ့

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “မိုရာ ” ရခိုင်ကမ်းရိုးတန်းဒေသသို့ ဝင်ရောက်လာနိုင်သောကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးက ရေလုပ်သားများ ငါးဖမ်းရန် မြစ်သို့မသွားဝံ့ဘဲ ရှိနေသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ် နေကြောင်းဒေသခံများ၏ ပြောပြချက်အရ သိရသည်။ 

29 May 2017

မေလ ၂၉၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG)။   ။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မိုရာ ရခိုင်ကမ်းရိုးတန်းဒေသသို့ ဝင်ရောက်လာနိုင်သောကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးက ရေလုပ်သားများ ငါးဖမ်းရန် မြစ်သို့မသွားဝံ့ဘဲ ရှိနေသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ် နေကြောင်းဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မုန်တိုင်းရှိတယ်လို့ ကြားပါတယ်။ မိုးတွေလည်း ရွာနေတယ်။ မြစ်မှာလည်း လှိုင်းတွေ တအားထနေတော့ ငါးဖမ်းဖို့ မသွားဝံ့ကြဘူး။ ရွာမှာက အဓိကတော့ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာလေ။ ငါးမဖမ်းရတော့ ရေလုပ်သားတွေမှာ စားဝတ်နေရေး အခက်အခဲဖြစ်တာပေါ့ ဟု ပေါက်တောမြို့နယ်၊ ဖဒူကျေးရွာမှ ဦးခင်မောင်ဆန်းက ပြောသည်။

ဘင်္ဂလားပင်လယ်အော်အတွင်းတွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းသည် ပုသိမ်မြို့၏ အနောက်ဘက် - အနောက်မြောက်ဘက် (၁၉၅) မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် (၁၈၀) ခန့်နှင့် ကျောက်ဖြူမြို့၏  အနောက်တောင်ဘက် မိုင် (၁၇၀) ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့၏ တောင်- အနောက်တောင်ဘက် မိုင် (၂၉၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မုန်တိုင်းရှိတယ်ဆိုပြီးတော့ ရွာမှာသတိပေးထားတယ်။ ရေလုပ်သားတွေကတော့ မြစ်မထွက်ကြဘူး။ ကျနော်တို့ရွာကတော့ ပင်လယ်နဲ့နီးစပ်တယ်ဗျာ။ အခုလက်ရှိအချိန်တော့ မိုးတွေရွာ၊ လေတွေ အနည်းငယ် တိုက်တာကလွဲပြီး ဘာမှ ထူးခြားတာမရှိသေးဘူး ဟု ပေါက်တောမြို့နယ် သရက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောသည်။

မိုရာ  မုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားပြီး နောက် (၁၂) နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  မိုရာ အဖြစ်သို့ ရောက်ရှိနိုင်ကာ မုန်တိုင်း၏ လက်ရှိအခြေအနေမှာ ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမည့် အခြေအနေရှိပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်းလည်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊မိုးကြီး၊ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်များအနီးတွင် နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်ခြင်း၊ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ သင်္ဘောများအနေဖြင့်  ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြုထုတ်ပြန်ထားသည်။

 

ဗီဒီယိုများ