ရခိုင်ပြည် အကြံပေးကော်မရှင် စစ်တွေမှာ မေ ၉ ရက်နေ့ ရှင်းလင်းပွဲပြုလုပ်မည်၊ ဥက္ကဌ တက်ရောက်ရန် မသေချာသေး

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ မြန်မာအစိုးရသို့ ပြီးခဲ့သည့် မတ်လတွင် တင်ပြခဲ့သော ကြားဖြတ်အစီရင်ခံစာ အကြံပြုချက်များနှင့် ပတ်သက်၍ ယခု မေလ ၉ ရက်နေ့ စစ်တွေမြို့၊ စစ်တွေဟိုတယ်တွင် မီဒီယာများဖြင့်တွေ့ဆုံပြီး ရှင်းလင်းမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ မေလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။

04 May 2017

“ ရန်ကုန်မှာတော့ ရန်ကုန်အသိုင်းအဝိုင်းက မီဒီယာသမားတွေဖြစ်တယ်။ ရခိုင်မှာရှိတဲ့ မီဒီယာသမားတွေကို ပိုပြီးဦးစားပေးတဲ့အနေနဲ့ ကော်မရှင်ကဆုံးဖြတ်တာကြောင့် ရခိုင်မီဒီယာတွေကို သူတို့သိချင်တာ၊ မေးချင်တာတွေကို မေးလို့ရအောင်ဆိုပြီး ပြုလုပ်တာပါ။ ” ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က DMG သို့ ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေဖြင့် အစီရင်ခံစာပါအကြံပြုချက်များကို ရန်ကုန်မြို့ရှိ မီဒီယာသမားများကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က ရှင်းလင်းတင်ပြခဲ့ကြောင်း ဒေါ်စောခင်တင့်ကဆိုသည်။

“ အဓိကတော့ ကြားဖြတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရှင်းလင်းသွားမှာပါ။ အဲဒီအပေါ်မှာ မီဒီယာသမားတွေကလည်း မေးမြန်းနိုင်ပါတယ်။ ” ဟု ပြောသည်။

ရခိုင်မီဒီယာများဖြင့်တွေ့ဆုံမည့် ရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်း၏ ဥက္ကဌ ကိုဖီအာနန်မှာ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်ရန် မသေးချာသေးဟု ဒေါ်စောခင်တင့်ကဆိုသည်။

အဆိုပါတွေ့ဆုံပွဲကို အကြံပေးကော်မရှင် ဒု-ဥက္ကဌ ဦးဆောင်သော အဖွဲ့ဝင် ၈ ဦးနှင့် အကြံပေးကော်မရှင်၏ အကြံပေးပုဂ္ဂိုလ်များ လာရောက်ရှင်းလင်းမည်ဖြစ်သည်။

ရခိုင်မီဒီယာများဖြင့် တွေ့ဆုံပြီးပါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အခြားသော အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ မေလ ၂ ရက်နေ့က စစ်တွေမြို့နယ် လူမှူအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီနှင့်တွေ့ဆုံရန် တောင်းဆိုထားသော်လည်း အဆိုပါ ကိုယ်စားပြုကော်မတီသို့ DMG မှ ဆက်သွယ်မေးမြန်းရာ အကြံပေးကော်မရှင်နှင့်တွေ့ဆုံရန် ယခုအချိန်ထိ မဆုံးဖြတ်ရသေးကြောင်း၊ ကော်မတီအတွင်းဆွေးနွေးရအုံးမည်ဖြစ်ကြောင်း စစ်တွေမြို့နယ် လူမှူအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီ၏ နာယကတစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေဖြင့် ယခင်က ရခိုင်လူမှူအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်တောင်းဆိုခဲ့သော်လည်း မည်သည့်အဖွဲ့အစည်းမှ တွေ့ဆုံမှူမရှိခဲ့ကြောင်း ဒေါ်စောခင်တင့်က DMG သို့ ပြောကြားသည်။

အဆိုပါအကြံပေးကော်မရှင်အနေဖြင့် ယခုလာမည့်အကြိမ်တွင် ဘူးသီးတောင်၊ မောင်တောဒေသ သို့ သွားရောက်မည်မဟုတ်ကြောင်း ဒေါ်စောခင်တင့်က ဆက်လက်ပြောကြားခဲ့သည်။

ဗီဒီယိုများ