ရခိုင်ပြည်က အုန်းသီး၊ ငှက်ပျိုးသီး တင်ပို့ရန် သစ်သီးလုပ်ငန်းရှင်များအသင်း အကြံပြု

ရခိုင်ပြည်နယ်က ထွက်ရှိသော အုန်းသီး၊ ငှက်ပျိုးသီးများကို ရန်ကုန်သို့ တင်ပို့နိုင်ရန် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ရခိုင်ပြည်နယ်အစိုးရအား သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းက တိုက်တွန်းပြောဆိုသည်။

By Admin 31 Oct 2017

ရန်ကုန်သို့ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် အုန်းသီးများအား တင်ပို့နိုင်ဖွယ်ရှိသည်။ (ဓါတ်ပုံ - ပျံလွှား၊ DMG)

အောက်တိုဘာ ၃၁၊ ၂၀၁၇ ခုနှစ်။    ။ ရခိုင်ပြည်နယ်က ထွက်ရှိသော အုန်းသီး၊ ငှက်ပျိုးသီးများကို ရန်ကုန်သို့ တင်ပို့နိုင်ရန် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ရခိုင်ပြည်နယ်အစိုးရအား သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းက တိုက်တွန်းပြောဆိုသည်။

ရခိုင်ပြည်နယ်ရဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် မောင်တောနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပြည်နယ်အစိုးရက ကညင်ချောင်းစီးပွားရေးဇုန်အဖြစ် အဆင့်မြှင့်တင်နေပြီး ယင်းဇုန်ပြီးပါက ရန်ကုန်သို့ ကုန်သွယ်ရာမှာ ရခိုင်ပြည်နယ်က ထွက်ရှိသည့် အုန်းသီး၊ ငှက်ပျိုးသီးများကိုပါ တင်ပို့နိုင်ပါက ပြည်နယ်အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာမည်ဟု သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးကျော်သူက ပြောသည်။

“ ကညင်ချောင်း စီးပွားရေးဇုန်က ရန်ကုန်ကနေ တိုက်ရိုက်ပို့လို့ရနေပါပြီ။ တန်ချိန် ၁၀၀၀ ထိဆန့်တဲ့ သင်္ဘောတွေ အဝင်အထွက် လုပ်ကြတော့မယ်။ ကားလမ်းက ပို့မယ့်ပစ္စည်းတွေ ဒီဆိပ်ကမ်းကနေ ပို့ကြတော့မှာ။ အဲဒီတော့ ကျနော်တို့က ဒီကနေ ဘာပြန်ပို့မလဲဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ ရန်ကုန်မှာ အုန်းသီး၊ ငှက်ပျိုး ချက်တဲ့ သူတွေများပါတယ်။ အုန်းသီး၊ ငှက်ပျိုးသီး ဒိုင်ကလည်း ကမ်းနားမှာပဲ ရှိပါတယ်။ အဲဒီ ကညင်ချောင်းကနေသာ ပြန်သွားမယ့် သင်္ဘောတွေကိုသာ ဒီက အုန်းသီး၊ ငှက်ပျိုးသီးတွေ တင်ပေးလိုက်နိုင်မယ် ဆိုလို့ရှိရင် ဒါလည်း ကျနော်တို့အတွက် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွက်လည်း အရမ်းကောင်းတဲ့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ” ဟု ပြောသည်။

ရန်ကုန်မြို့တွင် အုန်းသီး၊ ငှက်ပျိုးသီးက ဈေးကွက်ရှိနေသည့်အတွက် ယင်ခင် နာဂတ်စ်မတိုင်မီက ဧရာဝတီတိုင်းက တင်ပို့နိုင်ခဲ့ပြီး နာဂတ်စ်ပြီးသွားသည့်အချိန်တွင် ဧရာဝတီတိုင်းက လျော့ကျသွားခြင်းကြောင့် ယခု ကျောက်ဆည်နှင့် စစ်ကိုင်းတိုင်း စသည့် အဝေးကြီးနေရာက ပံ့ပို့ပေးနေရကြောင်း သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးကျော်သူက ပြောသည်။

ငပလီကမ်းခြေရှိ ဒေသထွက်ပစ္စည်းများ အရောင်ဆိုင်တွင် တွေ့ရှိသည့် အုန်းသီးဖြင့် လုပ်ထားသည့် အရုပ်များ။ ဓါတ်ပုံ - ပျံလွှား၊ DMG)

အုန်းသီးမှာ လွှင့်ပစ်စရာမရှိသည့်အတွက် နည်းပညာကိုအသုံးချပြီး ပြန်လည်အသုံးပြုပါက ဈေးကွက်တစ်ခုလာမည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်း ချသူများအသင်းမှ အတွင်းရေးမှူး ဦးကျော်သူက ဆက်လက်ပြောသည်။

“ အုန်းသီးကလည်း တန်ဖိုးမြင့် အမျိုးအစား ဖြစ်ပြီးတော့ အုန်းသီးမှာ လွှင့်ပစ်စရာ တစ်ခုမှမရှိပါဘူး။ ဒီကိုရောက်လာတဲ့ ဧည့်သည်တွေကို လက်မှုပစ္စည်းလုပ်ပြီးတော့ အုန်းသီးက လုပ်ပြီးတော့မှ ရောင်းလို့ရပါတယ်။ နောက်ဆုံး ကျနော်တို့ ရန်ကုန်မှာဆို အုန်းသီးအစုအဖွဲ့က အုန်းသီးကနေ အဆင့်မြင့် ဝိုင်တစ်မျိုးထုတ်လုပ်တဲ့ စက်ရုံတွေရှိပါတယ်။ အုန်းသီးက လုပ်တဲ့ အဆင့်မြင့်ဝိုင် ၃၇၅ မီလီမီတာ တစ်ပုလင်းကို ကျပ်သောင်းဂဏန်းအထိ ရတဲ့ အနေအထားရှိပါတယ်။ အုန်းသီးတစ်လုံးက ဗမာငွေနဲ့ ကျပ် ၂၅၀ လောက်ပဲ ရှိတဲ့အချိန်မှာ ကျပ်သောင်းဂဏန်းအထိ ရတဲ့ အနေအထားမျိုးရှိပါတယ်။ နောက်ကျနော်တို့ ရန်ကုန်မှာ အွန်လိုင်းဈေးကွက်နေ လုပ်နေတဲ့ ဆိုင်တွေရှိပါတယ်။ အုန်းသီးတစ်လုံးကို ၁၅၀၀ နဲ့ ရောင်းတာ ရှိပါတယ်။ တရုတ်ဘက်ကို ရောင်းတာလည်း ရှိပါတယ်။ ကျနော်ဆို့ဆီမှာသာ လုပ်နိုင်မယ်ဆိုရင် ဒါကလည်း ဈေးကွက်အကြီးကြီးရှိနေတဲ့ အခွင့်အလမ်းဖြစ်ပါတယ်။ ” ဟု ပြောသည်။

ငှက်ပျိုးသီးဆိုလျှင်လည်း တစ်ဧကတွင် စိုက်မည်ဆိုပါက ကျပ်ငွေ ၈ သိန်း၊ ၉ သိန်းခန့်က ကုန်ကျပြီး ပြန်ရပါက ၁၁ သိန်း အထိ ရရှိကြောင်း၊ ငှက်ပျိုးသီးအချိန်ကလည်း တစ်နှစ်အတွင်းမှာဖြစ်သည့်အတွက် ရေတိုတစ်နှစ်အတွင်းမှာ အများကြီးလုပ်သွားနိုင်သည့် အနေအထားမျိုးဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်း ချသူများအသင်းမှ အတွင်းရေးမှူး ဦးကျော်သူက ပြောကြားခဲ့သည်။

ငပလီကမ်းခြေရှိ ဒေသထွက်ပစ္စည်းများ အရောင်ဆိုင်တွင် တွေ့ရှိသည့် အုန်းသီးဖြင့် လုပ်ထားသည့် အရုပ်များ။ ဓါတ်ပုံ - ပျံလွှား၊ DMG)

ဗီဒီယိုများ