ရခိုင်ပြည်နယ် ဝန်ကြီးချုပ် စီးနှင်းလာသည့် ခရီးစဉ်ယာဉ်တန်းအလွန် ဆွဲမိုင်းပေါက်ကွဲ

သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နယ်များမှ ဒေသဖွံ့ဖြိုးရေး ခရီးစဉ်ကနေ ပြန်လာသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ပါဝင်သည့် ကားယာဉ်တန်းအလွန် ဆွဲမိုင်းကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။ 

By မောင်ဇော်ခိုင် 08 Dec 2017

(ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုအားတွေ့ရစဉ်။ ဓါတ်ပုံ - DMG)

ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၇ ခုနှစ်။   ။   သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နယ်များမှ ဒေသဖွံ့ဖြိုးရေး ခရီးစဉ်ကနေ ပြန်လာသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ပါဝင်သည့် ကားယာဉ်တန်းအလွန် ဆွဲမိုင်းကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။  

အဆိုပါ ပေါက်ကွဲမှုသည် မြေပုံမြို့နယ်၊ ယောချောင်းတံတားအနီး  မိုင်တိုင်အမှတ် ၄၅ ၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ပြည်နယ်ဝန်ကြီး ခရီးစဉ်အတွင်း လိုက်ပါလာသည့် အရာရှိတစ်ဦးက ပြောသည်။

“ ဝန်ကြီးချုပ်ယာဉ်တန်းနဲ့ ၁ နာရီလောက်ခြားပြီးတော့ ပေါက်သွားတာလို့ပြောတယ်။ ကျန်တာတော့ ဘာမှမသိရသေးပါဘူး။ ဝန်ကြီးချုပ်နဲ့ ပါသွားတာက လူမှုရေးဝန်ကြီးတို့ ပါသွားတယ်။ ” ဟု ပြောသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ဥက္ကဌ စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်က ယခုကဲ့သို့ပြောသည်။ 

“ စိုးရိမ်စရာတော့ရှိတယ်။ ဒါဟာ လက်လုပ်မိုင်းတွေ၊ ဆွဲမိုင်းတွေ ချိန်ကိုက်မိုင်းတွေ လုပ်ပြီးတော့ ရခိုင် ပြည်နယ်တွင်းမှာ မတည်မငြိမ်ဖြစ်အောင်လုပ်တာဖြစ်တယ်။ ပြည်သူတွေရဲ့ သွားရေးလာရေးမှာ စိုးရိမ်စရာဖြစ်လာတယ်။ ” ဟု ဆိုသည်။ 

ရခိုင်ပြည်နယ် အတွင်းမကြာခဏဆိုသလို မိုင်းပေါက်ကွဲမှု၊ တွေ့ရှိမှုများရှိနေပြီး ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ကျေးရွာအနီး မိုင်းနှစ်လုံးတွေ့ရှိကာ တပ်မတော်မှ ရှင်းလင်း ထိန်းသိမ်းနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ