ရသေ့တောင်ကြားဖြတ်တွင် ANP ရှုံးနိမ့်ရခြင်းကို ဥရောပသမဂ္ဂသံရုံးက မေးမြန်း

ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့်အတွက် ANP ပါတီအနေဖြင့် သင်ခန်းစာရရှိခဲ့ပြီး ပါတီ၏ဂုဏ်သိက္ခာကို အဖတ်ဆယ်ရန်အတွက် ပြည်သူများနှင့် ထိတွေ့ပြီး ရှေ့ဆက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

By ခင်သရဖီဦး 05 Dec 2018

ဓာတ်ပုံ - ANP

ခင်သရဖီဦး၊ DMG၊ ဒီဇင်ဘာ ၄ ၊ စစ်တွေ

ရသေ့တောင်ကြားဖြတ်တွင် ရခိုင်အမျိုးသားပါတီ(ANP) ပါတီကိုယ်စားလှယ် ရှုံးနိမ့်ခဲ့ရသည့်အကြောင်းကို ဥရောပသမဂ္ဂသံရုံးမှ တာဝန်ရှိသူများက ANP ခေါင်းဆောင်အချို့နှင့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် တွေ့ဆုံ မေးမြန်းခဲ့သည်ဟု ပါတီဘက်က ပြောသည်။

ANP ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရမှုမှာ ဒေါက်တာအေးမောင်းရုံးထုတ်တွင် မီဒီယာများ နှင့်အမေးအဖြေပြောသည့် စကားများနှင့်သက်ဆိုင်ကြောင်း၊ ဒေါက်တာအေးမောင် ဖမ်းဆီးခံရခြင်းမှာ ရသေ့တောင်မြို့နယ်တွင်ပြုလုပ်သည့် စာပေဟောပြောပွဲကြောင့်ဖြစ်ခြင်း၊ ANP ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းမှာ ရသေ့တောင်တွင် လူသိနည်းခြင်း စသည့်အချက်များကြောင့်ဖြစ်သည်ဟု ဖြေဆိုခဲ့သည်။

“မေယုရင်သွေး အရပ်ဖက်အဖွဲ့ဝင်တွေက သူတို့စိတ်ထဲမှာ ဒေါက်တာအေးမောင်ဟာ ငါတို့ကျင်းပတဲ့ ပွဲကြောင့် အဖမ်းခံရတယ်။ အဲဒါကြောင့် ဒေါက်တာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ငါတို့က သူသားကို မဲပေးရမယ်။ အဲလို့မျိုးဝင်သွားတာကြောင့် ပြန့်ကျဲနေတဲ့လူငယ်တွေကို ဦးတင်ဝင်းမောင်ကို မဲပေးဖို့ တိုက်တွန်းတဲ့ အချက်ဟာလည်း ကျနော်တို့ ရှုံးနိမ့်ရတဲ့အကြောင်းဖြစ်ပါတယ် ” ဟု ဥရောပသမဂ္ဂ သံရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင်ပါဝင်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့်အတွက် ANP ပါတီအနေဖြင့် သင်ခန်းစာရရှိခဲ့ပြီး ပါတီ၏ဂုဏ်သိက္ခာကို အဖတ်ဆယ်ရန်အတွက် ပြည်သူများနှင့် ထိတွေ့ပြီး ရှေ့ဆက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ဥရောပသမဂ္ဂသံရုံးမှ တာဝန်ရှိသူများသည် ဘင်္ဂလားဒေရှ့်မှပြန်သွင်းမည့် ဘင်္ဂါလီများနှင့် ပတ်သက်၍လည်း ANP ၏ သဘောထားကိုမေးမြန်းခဲ့ကြရာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်းသာ လုပ်ဆောင်ရန် လိုလားကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

ဗီဒီယိုများ