လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ငခူရကျေးရွာမှာနေထိုင်တဲ့ ရခိုင်၊ ဟိန္ဒူ၊ ဘင်္ဂါလီတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့

အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်ကို သွားရောက်ခဲ့တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ ငခူရကျေးရွာမှာနေထိုင်ကြတဲ့ ရခိုင်၊ ဟိန္ဒူ၊ ဘင်္ဂါလီတွေနဲ့ သီးခြားစီတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

31 Aug 2018

ဓါတ်ပုံ - နေဝင်းစံ

သြဂုတ် ၃၁၊ နေဝင်းစံ၊ ဝံသ(မောင်တော)

အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်ကို သွားရောက်ခဲ့တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ ငခူရကျေးရွာမှာနေထိုင်ကြတဲ့ ရခိုင်၊ ဟိန္ဒူ၊ ဘင်္ဂါလီတွေနဲ့ သီးခြားစီတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး ရိုဆာရီယိုမယ်နာလို ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့သြဂုတ်လ ၃၁ ရက်နေ့မှာ စစ်တွေလေဆိပ်ကနေတစ်ဆင့် မောင်တောမြို့နယ်ကို သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

ကော်မရှင်ရဲ့မောင်တောခရီးစဉ်မှာ အကြမ်းဖက်ဖြစ်စဉ်အတွင်း ရွာလုံးကျွတ်သတ်ဖြတ်ခံခဲ့ရမှုမှာ လွတ်မြောက် လာခဲ့တဲ့ ရဲဘော်ကျကျေးရွာကဟိန္ဒူအမျိုးသမီးတွေနဲ့တွေ့ဆုံခဲ့သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည် ဝင်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုးမိသားစု၊ ARSA အကြမ်းဖက်သမားတွေဆီမှာ အသတ်ခံခဲ့ရတဲ့ ဘင်္ဂါလီလူမျိုး မိသားစုဝင်တွေနဲ့ပါ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ သီးခြားစီတွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီးတော့ အမည်မဖော်လိုတဲ့ ဘင်္ဂါလီ တစ်ဦးက “ကျွန်တော်တို့ကိုမေးပါတယ်၊ ဘင်္ဂလာကိုရောက်နေတဲ့သူတွေ ဘာကြောင့်မပြန်လာနိုင်ကြတာလဲလို့ မေးပါတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းတွေမှာ အများစုကတော့ မြန်မာပြည်ကိုပြန်လာချင်တဲ့သူတွေ များစွာရှိနေပါတယ်။ ဒါပေမယ့် ဘင်္ဂလာအစိုးရဆီမှာ နေရပ်ပြန်ဖို့စာရင်းမပေးရဲ့ဘူးဖြစ်နေပါတယ်။ ဘာအတွက် လဲလို့ဆိုတော့ သူတို့စာရင်းသွားပေးတာနဲ့ နေရပ်မပြန်ဖို့စည်းရုံးနေတဲ့အဖွဲ့တွေက ရန်ရှာပြီးသတ်ဖြတ်မှာကို စိုးရိမ်နေတဲ့အတွက် စာရင်းမပေးရဲဖြစ်နေကြတာကို ပြောပြခဲ့ပါတယ်ဟု ပြောသည်။

နေရပ်စွန့်ခွာသူတွေပြန်လာရင် ဘယ်လိုအလုပ်အကိုင်တွေနဲ့အဆင်ပြေမလဲဆိုတာကိုလည်း ကော်မရှင်က မေးမြန်းခဲ့တဲ့အတွက် အရင်ကလုပ်ကိုင်ခဲ့တဲ့ လယ်မြေတွေကို ပြန်လည်လုပ်ကိုင်ခွင့်ရရင် အဆင်ပြေတယ်လို့ပဲ ဖြေဆိုခဲ့တယ်လို့လည်း သူကဆိုပါတယ်။

မောင်တောခရီးစဉ်မှာပါဝင်တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က အဓိကဖြစ်ခဲ့တဲ့ဖြစ်စဉ်ပေါ့လေ။ အထူးသဖြင့် ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ကနေ ARSA တိုက်ခိုက်မှုကနေ ဖြစ်လာတဲ့အကြမ်းဖက်မှုတွေ။ နောက်နိုင်ငံတကာစွပ်စွဲချက်တွေလည်း အများကြီးပါ။ အခုဆိုရင် အစီရင်ခံစာတွေအမျိုးမျိုးနဲ့ သူတို့စွပ်စွဲနေတာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ အသေးစိတ် လိုအပ်တဲ့သက်သေအထောက်အထားတွေကိုစုံစမ်းဖို့ရှိတယ်။ လူတွေအားလုံးက ဒါကိုပဲ စိတ်ဝင်စားတယ်လို့ မောင်တောကအပြန် စစ်တွေလေဆိပ်မှာ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ရခိုင်ပြည်နယ်အတွင်း ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်း အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီကော်မရှင်အနေနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းကဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်တွေ၊ ၎င်းနဲ့ဆက်နွယ်တဲ့ ကိစ္စရပ်တွေကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဒေါက်တာအောင်ထွန်းသက်က “ကျွန်တော်တို့ကော်မရှင်က အဲဒါပဲ။ ဘက်မလိုက်ဘူး၊ လွတ်လပ်တဲ့ကော်မရှင် ဖြစ်တာမို့ မျှတဖို့ပဲလိုတယ်။ အကြောင်းပြချက်တွေအားလုံးကို သက်သေအထောက်အထားတွေနဲ့။ အခု ဖြစ်နေတာ တော်တော်များများကအပြောနဲ့။ ဒါကိုသတိထားပြီးတော့ လိုအပ်တဲ့စုံစမ်းစစ်ဆေးရေးတွေ ဆက်လုပ်ဖို့ရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဗီဒီယိုများ