အစိုးရဌာနမှ တာဝန်ယူ ဖြေရှင်းပေးမှုကြောင့် စစ်တွေတက္ကသိုလ် ကြို/ပို့မော်တော်ယာဉ်လိုင်း ပုံမှန်ပြန်လည်ပြေးဆွဲ

 

သြဂုတ်လ ၂၉ ရက်နေ့က ပြေးဆွဲမှုရပ်နားထားခဲ့သော တက္ကသိုလ်ကိုကြိုပို့ ရိုးမသဇင်ယာဉ်လိုင်းအား ယနေ့ သြဂုတ်လ ၃၀ ရက်နေ့တွင် ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။

By ခိုင်ရိုးလ 30 Aug 2018

သြဂုတ် ၃၀၊ ခိုင်ရိုးလ

သြဂုတ်လ ၂၉ ရက်နေ့က ပြေးဆွဲမှုရပ်နားထားခဲ့သော တက္ကသိုလ်ကိုကြိုပို့ ရိုးမသဇင်ယာဉ်လိုင်းအား ယနေ့ သြဂုတ်လ ၃၀ ရက်နေ့တွင် ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ တက္ကသိုလ်ကြို/ပို့ယာဉ်များပြေးဆွဲမှုကို ရပ်နားလိုက်ရခြင်းသည် တက္ကသိုလ်အတွင်းသို့ ပြင်ပသုံးဘီးဆိုင်ကယ်များမှ တရားမဝင် ကြားဝင်ပြေးဆွဲနေမှုများကြောင့်ဖြစ်ကာ ယနေ့တွင် ၎င်းကိစ္စအား ပြည်နယ်အစိုးရ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မထသဥက္ကဌနှင့် တာဝန်ရှိသူဘက်မှ တာဝန်ယူဖြေရှင်းပေးမှုကြောင့် ပြန်လည်ပြေးဆွဲခြင်းဖြစ်သည်။

ရိုးမသဇင် တက္ကသိုလ်ကြိုပို့ယာဉ်လိုင်း ဥက္ကဌ ကိုသန်းဇော်က

ဒီကနေ့ ပြန်လည်ပြေးဆွဲပေးရတဲ့ အကြောင်းရင်းက မနေ့က ကျွန်တော်တို့ယာဉ်လိုင်းမဆွဲတော့ ကျွန်တော့်ကိုပြည်နယ်အုပ်ချုပ်ရေးမှူး၊ မထသ၊ ယာဉ်ထိန်းရဲအဖွဲ့နဲ့ အရေးပေါ်အစည်းဝေးတစ်ခုလုပ်လိုက်ရပါတယ်။ အဲဒီအစည်းအဝေးမှာတော့ ကျွန်တော့်ကိုဘာဖြစ်ချင်လဲမေးတော့ ကျွန်တော်ကတောင်းဆိုလိုက်ပါတယ်။ ကျွန်တော်တို့ တရားဝင်ဆွဲနေတဲ့ယာဉ်လိုင်းကိုပြင်ပသုံးဘီးဆိုင်ကယ်တွေကဝင်ဖောက်ဆွဲနေတာတွေကိုဟန့်တားပေးပါ။ စည်းစနစ်ကျကျဖြစ်အောင် ကျွန်တော်တို့ယာဉ်လိုင်းကိုသတ်မှတ်ပေးပါဆိုတဲ့အကြောင်းကိုတောင်းဆိုလိုက်တော့ အစိုးရအဖွဲ့တွေကသုံးဘီးဆိုင်ကယ်တွေကိုတားပေးမယ်။လိုင်စင်စစ်ပြီးတော့ သူတို့တွေဝင်မလာရအောင် ဒီနေ့မှာလုပ်ပေးပါတယ် အဲဒါကြောင့် ယာဉ်လိုင်းကိုပုံမှန်ပြေးဆွဲနေတာဖြစ်ပါတယ်

ဟု DMG သို့ပြောသည်။

ထိုသို့  တက္ကသိုလ်ယာဉ်လိုင်း ပြဿနာမှာ ၂၀၁၆ - ၂၀၁၇ တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီးယင်းအချိန်၌လည်း ပြည်နယ်အစိုးရဝန်ကြီးအဖွဲ့နှင့် တက္ကသိုလ်ပါမောက္ခတို့ဖြေရှင်းပေးခဲ့ရကြောင်းလည်းသိရသည်။

ရိုးမသဇင် တက္ကသိုလ်ကြိုပို့မော်တော်ယာဉ်လိုင်းမှာ ၂၀၁၅ ခုနှစ် ဝန်ကြီးချုပ်မောင်မောင်အုန်းလက်ထက်မှ  တက္ကသိုလ်ယာဉ်ပြေးဆွဲမှုအဆင့်မြင့်တင်ရေးအဖြစ် သုံးဘီးဆိုင်ကယ်မှ Hijetကားများကိုလဲပေးခဲ့ကာတရားဝင် စတင်ပြေးဆွဲလာခြင်းလည်းဖြစ်ပြီးမော်တော်ကားအရေတွက် ၁၃၁ စီးရှိကာလက်ရှိတွင် ကားအစီးရေ ၇၀ ကျော်ပြေးဆွဲနေကြောင်းသိရသည်။

ဗီဒီယိုများ