အငြင်းပွားစရာများကို နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်များ ဖွဲ့စည်းစစ်ဆေးရန် ကျောင်းသားများတောင်းဆို

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများအတွင်း ပြည်သူများထိခိုက်သေဆုံးမှုများ ရှိနေသော်လည်း မည်သူမျှဝန်ခံခြင်းမရှိသဖြင့် လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်များဖြင့် ဖွဲ့စည်းစစ်ဆေးရန် ကျောင်းသားသမဂ္ဂ(၃)ဖွဲ့က တောင်းဆိုလိုက်သည်။

By နှင်းနွယ် 18 Feb 2020

ရွာအနီးတိုက်ပွဲများကြောင့် ရသေ့တောင်မြို့ပေါ်သို့ ရောက်ရှိခိုလှုံနေကြသော စစ်ဘေးရှောင်သားအမိ။ (ဓာတ်ပုံ - မေယုထွန်း)

နှင်းနွယ် | DMG
ဖေဖော်ဝါရီ ၁၈၊ ရန်ကုန်

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများအတွင်း ပြည်သူများထိခိုက်သေဆုံးမှုများ ရှိနေသော်လည်း မည်သူမျှဝန်ခံခြင်းမရှိသဖြင့် လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်များဖြင့် ဖွဲ့စည်းစစ်ဆေးရန် ကျောင်းသားသမဂ္ဂ(၃)ဖွဲ့က တောင်းဆိုလိုက်သည်။

ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာမူလွန်ကျောင်းကို ဖဖော်ဝါရီလ ၁၃ ရက်နေ့က လက်နက်ကြီး ကျည်ထိမှန်သွားသဖြင့် ကျောင်းသား၊ကျောင်းသူ (၂၁)ဦးဒဏ်ရာရရှိသွားသည်။ ထိုလုပ်ရပ်အပေါ် လက်နက်ကိုင်အဖွဲ့အစည်းများက မိမိတို့မပစ်ခတ်ကြောင်း ငြင်းဆန်နေကြသည်။

ထိုသို့ငြင်းဆန်နေမှုများနှင့် ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်) တို့က လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်များဖြင့် ဖွဲ့စည်းစစ်ဆေးရန် အစိုးရကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“နှစ်ဖက်တပ်ဖွဲ့တွေက တာဝန်ယူလိုစိတ်၊ တာဝန်ခံစိတ်မရှိတဲ့သူတွေလို့ ကျနော်တို့ခံစားမိတယ်။ ပြီးတော့ ကလေးတွေ လက်နက်ကြီးကျပြီး ထိခိုက်နစ်နာသွားတာတွေကို သူတို့လုပ်လိုက်တာပါဆိုပြီး တာဝန်ယူမှုမရှိကြဘူး။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ငြင်းဆိုနေကြတယ်။ အဲဒါတွေကို နိုင်ငံတကာက အာရုံစူးစိုက်လာအောင် အဖွဲ့အစည်းတွေဖွဲ့ပြီး စစ်ဆေးစေချင်တယ်” ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်) အတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းက DMG သို့ပြောသည်။

ယင်းသို့ စစ်ဆေးလျှင် ပြည်သူများထိခိုက်မှု အတိုင်းအတာတစ်ခုထိ လျှော့နည်းလာနိုင်ပြီး မည်သူကကျူးလွန်လွန်သည်ကိုလည်း ထင်ရှားစွာတွေ့မြင်နိုင်မည်ဟု ၎င်းက ဆက်ပြောသည်။

“နိုင်ငံတကာကလည်း ရခိုင်ပြည်သူတွေ ဘယ်လောက်ထိ ဒုက္ခရောက်နေကြရလဲဆိုတာကို အာရုံပြုလာနိုင်မယ်။ နှစ်ဖက်တပ်ဖွဲ့တွေက ကျူးလွန်ထားတာတွေလည်း ပေါ်လွင်သွားမယ် ”ဟု ကိုမြတ်ဟိန်းထွန်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် အစိုးရကအင်တာနက်ဖြတ်တောက်ထားပြီး ယင်းနေရာများသို့ သတင်းသမားများ လွတ်လပ်စွာသတင်းယူရန် အခက်အခဲရှိသည်။ ထိုကဲ့သို့ အချိန်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စည်းပြီး မစစ်ဆေးလျှင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပိုမိုရှိလာနိုင်သည်ဟုလည်း ကျောင်းသားများက ဆိုသည်။

ထို့ပြင် အငြင်းပွားစရာဖြစ်ရပ်များတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပြည်တွင်း၊ပြည်ပ မီဒီယာများအား အချိန်မရွေး၊ နေရာမရွေး လွတ်လပ်စွာ သတင်းယူနိုင်ခွင့်ပြုရန်လည်း အဆိုပါ ကျောင်းသားသမဂ္ဂ (၃)ဖွဲ့က တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်နက်ကြီးထိမှန်မှု၊ မိုင်းပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် အရပ်သား(၁၃၀) ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ (၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)ထံမှ သိရသည်။

ဗီဒီယိုများ