ဦးကိုနီလို အဖြစ်နှင့်ကြုံတွေ့ရမည်ဟုဆိုကာ မျိုးချစ်အမည်ဖြင့် ခြိမ်းခြောက်စာပို့

မျိုးချစ်တပ်မတော်သားများအဖွဲ့၊ မြန်မာ့တပ်မတော်ကို ချစ်မြတ်နိုးသူများ အမည်ကိုအသုံးပြုကာ Development Media Group ၏ Gmail သို့ ဧပြီလ ၃ ရက်နေ့ နံနက် ၂ နာရီ ၃၈ မိနစ် ကခြိမ်းခြောက်စာတစ်စောင် ပေးပို့ထားခဲ့ကြသည်။

03 Apr 2019

ဧပြီ ၃၊ DMG

စစ်တွေ

မျိုးချစ်တပ်မတော်သားများအဖွဲ့၊ မြန်မာ့တပ်မတော်ကို ချစ်မြတ်နိုးသူများ အမည်ကိုအသုံးပြုကာ Development Media Group ၏ Gmail သို့ ဧပြီလ ၃ ရက်နေ့ နံနက် ၂ နာရီ ၃၈ မိနစ် ကခြိမ်းခြောက်စာ တစ်စောင်ပေးပို့ထားခဲ့ကြသည်။

၎င်းစာထဲတွင် “မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ်ရှိ သောင်းကျန်းသူ AA အဖွဲ့အား တိုက်ခိုက်နှိမ်နှင်းလျှက်ရှိပြီး တစ်ချိန်တည်းမှာပင် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးယန္တရားကို မပျက်ပြားစေရန်နှင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းကို မပျက်ပြားစေရန်အထူးအလေးထား ဆောင်ရွက်လျှက်ရှိသည်။ တပ်မတော်သားများသည် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒေသခံပြည်သူများ အသက်အိုးအိမ်များကို ကာကွယ်ပေးခြင်း၊ မိမိနေရပ်တွင် လုံခြုံစိတ်ချစွာနေထိုင်ရေးနှင့် ဘုရားစေတီပုထိုးများကို ထိန်းသိမ်းစောက်ရှောက်ကာကွယ်ပေးခြင်းများကို အလေးထားပြုမှုဆောင်ရွက်လျှက်ရှိသည်။ လက်ရှိအချိန်တွင် လည်း ရခိုင်ပြည်သူများသည် အသက်၊အိုးအိမ်မကွာ စိတ်အေး ချမ်းသာစွာနေထိုင်လျှက်ရှိသည်။ ထိုကဲ့သို့သော သတင်းမှန်များကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ မြဝတီ ၊ ကြေးမုံ၊ မြန်မာအလင်းနှင့် Eleven Media Group တို့မှစဉ်ဆက်မပြတ်တိုက်ရိုက် အသိပေးထုတ်လွင့်လျှက်ရှိပါသည်။ တပ်မတော်သည် နှစ်ပေါင်းများစွာ ပြည်တွင်း၊ပြည်ပ ရန်သူများကိုတိုက်ခိုက်ချေမှုန်းပြီး မိဘပြည်သူများကို ကာကွယ်ပေးခဲ့ပြီးဖြစ်သည်။”ဟုပထမ အပုဒ်၌ ဖေါ်ပြထားသည်။

စာ၏ ဒုတိယ ပိုဒ်တွင် “သို့သော် ပြည်ပမီဒီယာတချို့နှင့် ပြည်တွင်းမီဒီယာတချို့သည် သောင်းကျန်းသူ AA ဘက်မှရပ်တည်လျှက် ၎င်း၏ အဖျက်လုပ်ငန်းများကို အားပေးအားမြောက်ပြုလုပ်ခြင်းနှင့် အများပြည်သူအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ဝါဒဖြန့် ရေးသားလျှက်ရှိသည်။ ထို့အပြင် တပ်မတော်နှင့် ရခိုင်ပြည်သူကြား အမုန်းတရား ပွားများလာစေရန် မဟုတ်မမှန် ဝါဒဖြန့်လီဆယ်ရေးသားခြင်း၊ သတင်းလိုက်ခြင်းများတွေ့ရှိရသည်”ဟု ပါရှိသည်။

စာ၏ နောက်ဆုံးပိုဒ်တွင် “သို့ပါ၍ ယခုသတင်းဌာနများသည် တစ်ခုတည်းသော အမိတပ်မတော်ဘက်မှ ရပ်တည်ရန်နှင့် ဘက်လိုက်ရေးသားသော သတင်းလိုက်များနှင့် သတင်းရေးသားသူများ၏အသက်ကို အာမခံမည်မဟုတ်ကြောင်း နှင့် ဦးကိုနီကဲ့သို့သော အဖြစ်မျိုးနှင့်ကြုံတွေ့မည်ဖြစ်ကြောင်း စေတနာဖြင့်သတိပေးအပ်သည်။” ဟုပါရှိသည်။

၎င်းစာကို myo chait <myochit.tatmadaw@gmail.com မှပေးပို့ထားခဲ့ခြင်းဖြစ်ပြီး စာအောက်၌ Link တစ်ခုကိုလည်းပေးထားခဲ့သည်။ ၎င်း Link ကို ဝင်ရောက်ကြည့်ရူ့ရာတွင် မြန်မာ့တပ်မတော်ကိုချစ်မြတ်နိုးကြသူများ အမည်ဖြင့် Facebook page ကိုတွေ့ရသည်။

ဧပြီလ ၂ ရက်နေ့ကလည်း AA အမည်ကို အသုံးပြုကာ ပြည်မအခြေစိုက် မီဒီယာတစ်ချို့ကို ခြိမ်းခြောက်သည့်စာများ ပေးပို့ခဲ့သည်။

ဗီဒီယိုများ