ရခိုင်က ပုဂ္ဂိကစာသင်ကျောင်းများနှင့် ဘကကျောင်းများတွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုး

ရခိုင်ပြည်နယ်တွင် အစိုးရအခြေခံပညာစာသင်ကျောင်းများကို ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

01 Nov 2021

DMG ၊ နိုဝင်ဘာ ၁

ရခိုင်ပြည်နယ်တွင် အစိုးရအခြေခံပညာစာသင်ကျောင်းများကို ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အလားတူ ပုဂ္ဂလိကပိုင် ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာလည်း ယနေ့ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသူကျောင်းသားများကို ကျန်းမာရေးဌာနက ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေကြောင်း သိရသည်။

စစ်တွေမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၃ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၀၁၀ ဦးကို ကာကာွယ်ဆေးထိုးနှံ့ပေးနေပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၄ ကျောင်းနှင့် ကျောင်းပြင်ပပညာရေးကျောင်းတို့မှ ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း ၁၃၆၈ ဦးကိုလည်း ကာကွယ်ဆေးထိုးနှံ့ပေးလျက်ရှိသည်။

“ကာကွယ်ဆေးက ဒီနေ့မှစထိုးရတယ်။ ကျောင်းသူကျောင်းသားတွေအားလုံး တစုတဝေးတည်း ဆေးထိုးဖြစ်အောင်ခေါ်ထားတယ်။ ဆေးကိုကျန်းမာရေးဌာနက ဆရာ၊ဆရာမတွေက လာထိုးတာပါ။ ကာကွယ်ဆေးထိုးပြီးပြီဆိုတော့ ကျောင်းပြန်ဖွင့်မယ်”ဟု စစ်တွေမြို့မှ ရွှေစေတီဘကကျောင်းမှ ဆရာတော် အရှင်အရိယဝံသက မိန့်ကြားသည်။

ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘကကျောင်းများကို အဖွဲ့ခွဲကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံ့ပေးနေခြင်းဖြစ်ပြီး ကိုယ်ပိုင်အထက်ပိုင်းကျောင်း ၁၃ ကျောင်းမှ ကျောင်းသူ၊ကျောင်းသားများသည် စစ်တွေမြို့ ထက်မြတ်ထွန်း ကိုယ်ပိုင်ကျောင်းသို့ သွားရောက်ကာ ကာကွယ်ဆေးထိုးနှံ့ကြရသည်။

ဘကကျောင်း ၄ ကျောင်းနှင့် ကျောင်းပြင်ပညာရေးကျောင်းသူ၊ကျောင်းသားများကို ယနေ့နံနက်ပိုင်းတွင် ရွှေစေတီ(ဘက)ဘုန်း တော်ကြီးပညာသင်ကျောင်း၌ ကာကွယ်ဆေးထိုးနှံ့ပေးသည်။

“ကိုယ်ပိုင်ကျောင်းတွေက ကျောင်းသူကျောင်းသားတွေကို ဒီနေ့ ကာကွယ်ဆေးစထိုးပေးတယ်။ အကုန်ထိုးပြီး၊ မပြီးဆိုတာတော့ လတ်တလောမသိရသေးဘူး။ အခုမှဆေးထိုးနေတာဆိုတော့လေ။ ကိုယ်ပိုင်ကျောင်းက ကလေးတွေက နယ်ကကျောင်းသူကျောင်းသားတွေများတယ်။ သူတို့အားလုံး ကာကွယ်ဆေးထိုးနိုင်ဖို့ ခေါ်ထားတယ်”ဟု စစ်တွေမြို့ရှိ ထက်မြတ်ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘကကျောင်းများမှ ကျောင်းသူ၊ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံ့ပြီးပါက နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်ပညာသင်ကြားသွားမည်ဖြစ်ကြောင်း ကိုယ်ပိုင်ကျောင်းဆရာများထံမှ သိရသည်။

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့် ပညာသင်ကြားနိုင်ရန် ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးများထိုးပေးခြင်းအစီအစဉ်အား ကျန်းမာရေးဌာနက အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁ ရက်(ယနေ့)တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ကိုဗစ်တတိယလှိုင်းကူးစက်ရောဂါကြောင့် အခြေခံပညာစာသင်ကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှစတင်ပြီး ယာယီပိတ်ခဲ့ရသော်လည်း ယခုအချိန်တွင် ကိုဗစ်ပိုးတွေ့ရှိမှု လျော့နည်းလာသောကြောင့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ