ကျောက်တော်မြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

02 Aug 2019

 

အောင်ထိန် | DMG

သြဂုတ် ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ယနေ့သြဂုတ်လ ၂ ရက် နေ့လည် ၁ နာရီခန့်အချိန်တွင် ကျေးရွာအနီး သေနတ်ပစ်ခတ်သံများကြားရသဖြင့် ဦးသိန်းသန်းမောင်တို့ မိသားစုမှာ နေအိမ်အတွင်းပုန်းခိုနေစဉ် သမီးဖြစ်သူ မဦးသန်းနွယ်၏ပေါင်တွင် သေနတ်ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းတစ်ခုမှ ယင်းသို့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူ မဦးသန်းနွယ်၏ဖခင်ဖြစ်သူ ဦးသိန်းသန်းမောင်က ပြောသည်။

“ဒိုင်း….ဒိုင်း..လို့အသံကြားတာနဲ့ ကျနော်တို့မိသားစုဝပ်နေကြတယ်။ အဲဒီမှာ ကျည်ဆံက နေအိမ်ကို ဖောက်ပြီးတော့ ကျနော့်သမီးဆီမှာလာထိတာ။ အခုလို တိုက်ခိုက်တာတော့ ပြည်သူတွေကို အစွန်းရောက်စေတယ်။ ရင်နာစရာဖြစ်တယ်” ဟု ဦးသိန်းသန်းမောင်က ပြောသည်။

ယင်းအပြင် အသက် ၃၀ ကျော်အရွယ် ကိုဦးဘသန်းမှာလည်း ၎င်းကျေးရွာရှိ သုဿန်အနီးတွင် နွားကျောင်းနေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကျည်စများထိမှန်သွားခဲ့သည်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကိုဦးဘသန်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများပြင်းထန်စွာရရှိသွားသည်ဟု ဖခင်ဖြစ်သူ ဦးမောင်စောဖြူက ပြောသည်။

“ဒဏ်ရာက လက်နှစ်ဘက်လုံးမှာထိတယ်၊ ခြေထောက်နှစ်ချောင်းမှာလည်းထိတယ်။ ပြောရမယ်ဆိုရင် ခန္ဓာတစ်ကိုယ်လုံးပဲ။ မရှိလို့လုပ်စားနေကြတာမှာ အခုလိုဖြစ်တာတော့ မကျေနပ်ဘူး” ၎င်းကပြောသည်။

လက်ရှိမှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် ကိုဦးဘသန်းမှာ အခြေအနေစိုးရိမ်ရသဖြင့် ဆေးကုသမှုခံယူရန်အတွက် စစ်တွေဆေးရုံကြီးသို့ ရောက်ရှိနေသည်။

ယခုပစ်ခတ်မှုနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

 

ဆက်စပ်ဖတ်ရှုရန် -

ကျောက်တော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်တစ်ဦး ကျည်ထိမှန်

တားမြစ်ချိန်အတွင်းသွားလာသည့် ဒေသခံတစ်ဦးကို တပ်မတော်က ပစ်ခတ်ဖမ်းဆီး

အသက် ၆၅ နှစ်အရွယ် မွတ်ဆလင်အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ပြီးသေဆုံး

 

ဗီဒီယိုများ