ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား စွဲချက်တင်ထားမှုကို ပယ်ဖျက်ပေးရန် လျှောက်ထားချက် ပြည်နယ်တရားလွှတ်တော်က ပလပ်ကြောင်းအမိန့်ချမှတ်

“ဒီနေ့အမိန့်ချမှတ်လိုက်တာက ကျွန်မတို့လျှောက်ထားတဲ့ ရာဇဝတ်ပြင်ဆင်မှုအားလုံးကို ပလပ်တဲ့အမိန့်ကို ချမှတ်လိုက်တယ်။ ပလပ်တယ်ဆိုတာကတော့ မူလရုံး(စစ်တွေခရိုင်တရားရုံး)က ချမှတ်တဲ့အမိန့်ကိုပဲ အတည်ပြုလိုက်တာဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

10 Jan 2019

ခိုင်ရိုးလ / DMG

ဇန်နဝါရီလ ၁၀ ရက်၊ စစ်တွေ

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ (၁၂၂)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ စွဲချက်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါစွဲချက်အပေါ် ဥပဒေနဲ့မညီဟုယူဆသည့်အတွက် စွဲချက်ကိုပယ်ဖျက်ပေးရန် ဒေါက်တာအေးနှင့် စာရေး ဆရာဝေဟင်အောင်တို့ဘက်မှရှေ့နေများက ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြည်နယ်တရား လွှတ်တော်သို့ လျှောက်ထားခဲ့ကြသည်။

၎င်းလျှောက်ထားချက်အပေါ် ပြည်နယ်တရားလွှတ်တော်က ပလပ်ကြောင်းအမိန့်ကို ယနေ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ ပြည်နယ်တရားလွှတ်တော်မှ ပလပ်ကြောင်းအမိန့်ချမှတ်လိုက်ခြင်းသည် မူလတရားရုံး(စစ်တွေခရိုင် တရားရုံး)မှ စွဲချက်တင်ထားသည်ကို မှန်ကန်သည်ဟု ဆုံးဖြတ်ရာရောက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

“ဒီနေ့အမိန့်ချမှတ်လိုက်တာက ကျွန်မတို့လျှောက်ထားတဲ့ ရာဇဝတ်ပြင်ဆင်မှုအားလုံးကို ပလပ်တဲ့အမိန့်ကို ချမှတ်လိုက်တယ်။ ပလပ်တယ်ဆိုတာကတော့ မူလရုံး(စစ်တွေခရိုင်တရားရုံး)က ချမှတ်တဲ့အမိန့်ကိုပဲ အတည်ပြုလိုက်တာဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

ဆက်လက်၍ အထက်တရားရုံးသို့ ပြင်ဆင်မှု တင်၊ မတင်ကို အမှုသည်နှင့် မေးရအုံးမည်ဖြစ်ကြောင်း စာရေး ဆရာဝေဟင်အောင်၏ရှေ့နေဖြစ်သည့် ဒေါ်အေးနုစိန်က ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးအား စစ်တွေခရိုင်တရားရုံးတွင် မူလကစွဲဆို ထားသည့် နိုင်ငံတော်ပုန်ကန်မှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့တွင် နှစ်ဖက်သက်သေများအား စစ်ဆေးပြီးဖြစ်ရာ အပြီးသတ် လျှောက်လဲချက်ပေးရန်အဆင့်သာ ကျန်ရှိတော့ကြောင်း ၎င်းအမှုကို လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေများထံမှ သိရသည်။

ထိုသို့ အပြီးသတ်လျှောက်လဲချက်ပေးရန်မှာ ပြည်နယ်တရားလွှတ်တော်မှ အမှုတွဲ စစ်တွေခရိုင် တရားရုံးသို့ ရောက်သည့်အချိန်နဲ့ဆိုင်ကြောင်း၊ မူလကအမှုအား လာမည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ချိန်းဆိုထား ကြောင်းလည်း သိရသည်။

ဗီဒီယိုများ