ပေါက်တောမြို့နယ်တွင် ကိုဗစ်လူနာ (၂၀) ဦးထက်များလာပါက ကုသမည့်နေရာ အခက်အခဲရှိ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ကိုဗစ် Positive လူနာ (၂၀)ဦးထက်များလာပါက ကုသပေးမည့်နေရာ မရှိသေးကြောင်း တာဝန်ရှိသူများကပြောသည်။

26 Aug 2020

ခင်သရဖီဦး | DMG
သြဂုတ် ၂၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ကိုဗစ် Positive လူနာ (၂၀)ဦးထက်များလာပါက ကုသပေးမည့်နေရာ မရှိသေးကြောင်း တာဝန်ရှိသူများကပြောသည်။

ပေါက်တောဆေးရုံ၌ ပိုးတွေ့လူနာ ၂၀ ထက်ပိုပြီး မကုသပေးနိုင်ကြောင်းကို ပြည်နယ်အစိုးရအဆင့်ထိ တင်ပြ ထားပြီးဖြစ်သည်ဟု ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက DMG သို့ ပြောသည်။

“အယောက် ၂၀ လောက်ပဲထားနိုင်ပါတယ်။ အဲဒါကိုတော့ ခရိုင်တို့ သက်ဆိုင်ရာပြည်နယ်အစိုးရတွေကို ကျနော် တို့တင်ပြထားတယ်။ အခုအခြေအနေမှာတော့ ကျနော်တို့မြို့နယ်မှာ ပိုးတွေ့လူနာ အယောက် ၂၀ လောက်ပဲ ကုပေးနိုင်ပါတယ်။ အဲဒီထက်ကျော်ပြီး ကျနော်တို့မကုနိုင်ဘူးလို့ တင်ပြလိုက်ပါပြီ။ အထက်ကတော့ ဘာမှ ညွန်ကြားချက် မလာသေးပါဘူး” ဟု ၎င်းကပြောသည်။

ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပေါက်တောမြို့နယ်တွင် COVID-19 ပိုးတွေ့ လူနာမှာ သြဂုတ်လ ၂၅ ရက်နေ့က ၁၂ ဦးနှင့် သြဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ၁ ဦး စုစုပေါင်း ၁၃ ဦး ရှိနေပြီဖြစ်သည်။

လက်ရှိမှာ ပိုးတွေ့လူနာများမှာ ပေါက်တောဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်ဟု ပေါက်တောမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုအောင်ကပြောသည်။

“Positive လူနာတွေက ကျန်းမာရေးကောင်းမွန်ပါတယ်။ သူတို့နဲ့ထိတွေ့ခဲ့တဲ့လူတွေကိုတော့ Quarantine ထားထားပါတယ်” ဟု ၎င်းကပြောသည်။

ပိုးတွေ့သည်လူနာများနှင့်ထိတွေ့မှုရှိခဲ့သူ ၁၀၀ ဦးခန့်ကို ပေါက်တောမြို့ရှိ ဓမ္မာရုံ၊ မြို့တော်ခန်းမ၊ အားကစား ခန်းမတို့၌ ယနေ့(သြဂုတ်လ ၂၆ ရက်နေ့တွင်) Quarantine ထားရှိထားသည်ဟုသိရသည်။

လက်ရှိအချိန်ထိ ပေါက်တောမြို့နယ်တွင် Locked down ချထားသည့်အနေအထားမရှိသေးကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။

“ဒီရောဂါက ကူးစက်မြန်တဲ့ရောဂါဆိုတော့ နောက်ထပ်ကူးနိုင်တဲ့အခြေအနေကလည်း အများကြီးရှိနိုင်တယ်။ အခု ထိတော့ Locked down လုပ်တာတော့မရှိသေးဘူး” ဟု ၎င်းကဆိုသည်။

ပေါက်တောမြို့နယ်မှ Positive လူနာအများစုမှ စစ်တွေမြို့နယ်မှ ကျောင်းတက်ပြီးပြန်လာကြသည့် ကျောင်းသူများဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းအထိ တစ်ပတ်ကျော် ကာလအတွင်း CVODI-19 ပိုးတွေ့ရှိသည့် လူနာစုစုပေါင်း ၁၇၄ ဦးအထိရှိလာပြီဖြစ်သည်။

ယင်းအထဲတွင် စစ်တွေ၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့မှပါဝင်ပြီး စစ်တွေမြို့နယ်တွင် ပိုးတွေ့လူနာ ၁၁၂ ဦးဖြင့် အများဆုံးဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

ဗီဒီယိုများ