မိုင်းပေါက်ကွဲချိန် အနီး၌ငါးမျှားနေသူအား အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာအနီး မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ရွှေရင်အေးကျေးရွာသားတစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ပြီး သြဂုတ်လ ၁၃ ရက်နေ့က ချုပ်ရမန်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

By ချလူးအောင် 13 Aug 2019


သြဂုတ် ၁၃ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာအနီး မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ရွှေရင်အေးကျေးရွာသားတစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ပြီး သြဂုတ်လ ၁၃ ရက်နေ့က ချုပ်ရမန်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရွှေရင်အေးကျေးရွာအဝင်ဝနှင့် ရဟတ်ယာဉ်ကွင်းကြားတွင် သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းပေါက်ကွဲမှုဖြစ်စဉ်အနီးတွင် ငါးမျှားနေသည့် ရွှေရင်အေးကျေးရွာသား ဦးမောင်စိုးသိန်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ မနက်က ရမန်ရယူလိုက်ပါတယ်။ တရားစွဲတင်တာတော့ မဟုတ်သေးဘူးခင်ဗျ။ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ဈ)နဲ့ အမှုဖွင့်ရမန်ရယူတာပါ” ဟု မကျည်းချောင်းစခန်းမှူး ရဲအုပ်မျိုးမိုးက ပြောသည်။

ဖမ်းဆီးခံထားရသူ ဦးမောင်စိုးသိန်းအား ချုပ်ရမန်ယူရာတွင် မိသားစုဝင်များကို တစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိခဲ့ပေ။

“ကျွန်မကို အကြောင်းကြားတာမရှိဘူး” ဟု ဦးမောင်စိုးသိန်း၏ဇနီး ဒေါ်ဝါဝါဝင်းက ပြောသည်။

မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးကျေးရွာအနီးတွင်လည်း ဧပြီလ ၂၁ ရက်နေ့က မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းပေါက်ကွဲမှုကြောင့် မောရဝတီကျေးရွာမှ မောင်ကျော်သိန်း ၂၄ နှစ်အား ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)၊ ၅၀(ဈ)တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။

 

ဗီဒီယိုများ