မောင်တောဒေသ ပြန်လည်ထူထောင်ရေးကိစ္စ ရခိုင်လွှတ်တော်သို့ တင်ပြဖို့လိုအပ်

အကြမ်းဖက်ခံရမှု ဖြစ်စဉ်များကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စု၏ လမ်းညွှန်ချက်ဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရခိုင်ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြပြီး ဆွေးနွေးရန် လိုအပ်ကြောင်း လွှတ်တော် ဥက္ကဌ ဦးစံကျော်လှကပြောသည်။

27 Oct 2017

(ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌအား တွေ့ရစဉ်။ ဓါတ်ပုံ - DMG)

အောက်တိုဘာ ၂၇၊ ၂၀၁၇ ခုနှစ်။    ။   အကြမ်းဖက်ခံရမှု ဖြစ်စဉ်များကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စု၏ လမ်းညွှန်ချက်ဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရခိုင်ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြပြီး ဆွေးနွေးရန် လိုအပ်ကြောင်း လွှတ်တော် ဥက္ကဌ ဦးစံကျော်လှကပြောသည်။

“ အခုထက်ထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ရခိုင်လွှတ်တော်ကို ပြောတာ၊ ဆိုတာ၊ စီစဉ်ချပြတာ တစ်ခုမှ မရှိသေးဘူး။ လွှတ်တော်ကတော့ သူတို့ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်နေတယ်။ အစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်မှာ ဖြစ်တဲ့ ကိစ္စကို ရခိုင်လွှတ်တော်ရော၊ ရခိုင်ပါတီရော၊ ရခိုင်မှာရှိတဲ့ CSO တွေကို ချပြသင့်တယ်။ ပြောသင့်တယ်။ ” ဟု ပြောသည်။

ဘူးသီးတောင်၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေး ကိစ္စအပါအဝင် အခြား ရခိုင်ပြည်နယ်၏ အရေးကိစ္စများကို ဆွေးနွေးနိုင်ရန် ရခိုင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို လာမည့် နိုဝင်ဘာလတွင် ခေါ်ယူသွားမည်ဟု ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ဆိုသည်။

အဆိုပါအစည်းအဝေးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လက်ရှိလုပ်ဆောင်နေသည့် ဘူးသီးတောင်၊ မောင်တော ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခြင်းမရှိပါက ရခိုင်ပြည်နယ်လွှတ်တော် အနေဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

ဘူးသီးတောင်၊ မောင်တော နယ်စပ်ဒေသ ပြန်လည်ထူထောင်ရေးများကို ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် စေတနာရှင်များက လှူဒါန်းထားသော အလှူငွေများ၊ ပစ္စည်းများကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးအောင်မင်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

လက်ရှိတွင် ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်ချက်များနှင့် အကြမ်းဖက်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ဘူးသီးတောင်၊ မောင်တောဒေသကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် အခြား တိုင်း ၆ ခုက အကူအညီပေးရန် အသီးသီးတာဝန်ယူထားကြကြောင်း သိရသည်။  

 

ဗီဒီယိုများ