မောင်တောမြို့နယ်မှ ကျေးရွာ ၁၇ ရွာအား လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ဆောင်ရွက်မည်

မောင်တောမြို့နယ်မှ ကျေးရွာ ၁၇ ရွာအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံ ဂျိုက်ကာ ODA ချေးငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

21 Jan 2019


ချလူးအောင် / DMG

ဇန်နဝါရီလ ၂၁ ၊ မောင်တော

မောင်တောမြို့နယ်မှ ကျေးရွာ ၁၇ ရွာအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံ ဂျိုက်ကာ ODA ချေးငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မောင်တောမြို့ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူခြင်းနှင့် ဓာတ်အားခွဲစက်ရုံဖွင့်ပွဲတွင်  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဆိုပါကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည့်ကိစ္စအား ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းကျေးရွာ ၁၇ ရွာအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် ဓါတ်အားခွဲစက်ရုံ တည်ဆောက်လျက်ရှိပြီး လုပ်ငန်းပြီးစီးပါက အိမ်ထောင်စု ၂၈၂၇ စု၊ လူဦးရေ ၂၂၀၀၀ ကျော်အတွက် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ ဓာတ်အားခွဲစက်ရုံသည် ရသေ့တောင် - ဘူးသီးတောင်- မောင်တော ဆက်သွယ်သည့် လျှပ်စစ်ဓာတ်အားလိုင်းဖြစ်ပြီး မောင်တောမြို့ပေါ် ၅ ရပ်ကွက်မှ အိမ်ထောင်စု ၅၁၉ စုအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ၂၄ နာရီ လျှပ်စစ် ဓာတ်အားဖြန့်ဖြူပေးခဲ့သည်။

 

 

 

ဗီဒီယိုများ