လေပြင်းတိုက်ခတ်မှုကြောင့် ကမ်းရိုးတန်းသွားရေယာဉ်များကို ရပ်နားထား

လာမည့် ၃ ရက်အတွင်း ရခိုင်ပြည်နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒက သတင်းထုတ်ပြန်ထားသည်။

By ဝင်းညွန့် 03 Sep 2019

ဝင်းညွန့် | DMG
စက်တင်ဘာ ၃ ၊ စစ်တွေ

မုတ်သုံလေအရှိန်အားကောင်းလွန်နေပြီး လေပြင်းတိုက်ခတ်မှုများရှိလာနိုင်သဖြင့် ရခိုင်ကမ်းရိုးတန်းသွား စစ်တွေ- တောင်ကုတ်ရေယာဉ်များကို ရပ်နားထားရကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းသွားရေယာဉ်များကို စက်တင်ဘာ ၂ ရက်နေ့မှ စတင်ရပ်နားထားကြောင်း ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်မှ ပစ္စည်းတာဝန်ခံ ကိုဝင်းလှိုင်က ပြောသည်။

“မိုးလေဝသအခြေအနေကြောင့် တောင်ကုတ်လမ်းက မနေ့ကနေ မထွက်ဖြစ်ဘူး။ တခြား မင်းပြား၊ ပေါက်တော၊ မြေပုံ၊  မြောက်ဦးမြို့တွေကိုတော့ ထွက်တယ်။ လေဖိအားနည်းရပ်ဝန်းရှိလို့ တောင်ကုတ်ကိုတော့ မထွက်ဖြစ်ဘူး” ဟု ကိုဝင်းလိူင်ကဆိုသည်။

လာမည့် ၃ ရက်အတွင်း ရခိုင်ပြည်နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် လျှပ်တစ်ပြတ် ရေကြီးခြင်း၊ မြေပြို ခြင်းများဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်များ၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်လာနိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒက သတိပေးထုတ်ပြန်ထားသည်။

ဗီဒီယိုများ