သေဆုံးသူအလောင်းမှာ ရေနစ်မြုပ်သေဆုံးခြင်းဖြစ်နိုင်ကြောင်း အပေါက်ဝရဲစခန်းမှူးပြော

မေလ ၇ ရက်၊ ၂၀၁၇ ခုနှစ်။ ကျေက်တော် (DMG) ။     ။ ကျောက်တော်မြို့နယ် အပေါက်၀ (ရင်းဒါး) ကျေးရွာထဲရှိချောင်းကမ်းပါး၌ မေလ ၆ ရက်နေ့ ညနေ ၅ နာရီအချိန်ကတွေ့ရှိသော သေဆုံးသူအလောင်းမှာ ရေနစ်မြုပ်သေဆုံးခြင်း ဖြစ်နိုင်ကြောင်း အပေါက်ဝရဲစခန်းမှူး ဦးဌေးဇော်က DMG သို့ ပြောသည်။

07 May 2017

(ကျောက်တော်မြို့နယ် အပေါက်ဝ (ရင်းဒါး) ကျေးရွာထဲရှိ ချောင်းကမ်းပါးတွင် သေနေသည်ကိုတွေ့ရသော ဦးလူကြီး၏အလောင်း။ ဓါတ်ပုံ - KyawHlatmyint)

မေလ ၇ ရက်၊ ၂၀၁၇ ခုနှစ်။ ကျေက်တော် (DMG) ။     ။ ကျောက်တော်မြို့နယ် အပေါက်၀ (ရင်းဒါး) ကျေးရွာထဲရှိချောင်းကမ်းပါး၌ မေလ ၆ ရက်နေ့ ညနေ ၅ နာရီအချိန်ကတွေ့ရှိသော သေဆုံးသူအလောင်းမှာ ရေနစ်မြုပ်သေဆုံးခြင်း ဖြစ်နိုင်ကြောင်း အပေါက်ဝရဲစခန်းမှူး ဦးဌေးဇော်က DMG သို့ ပြောသည်။

သေဆုံးသူမှာ အပေါက်ဝဇာတိရခိုင်အမျိုးသားဖြစ်ပြီး ယင်းကျေးရွာနေ ဦးမောင်ယောင်း၏ သား အသက် ၃၁ နှစ်ရှိ ဦးလူကြီး (ခေါ်) ဦးစိန်ကျော်သန်း ဖြစ်သည်။

“ မနေ့ကညနေ ၅ နာရီလောက်မှာ သေလို့တွေ့ပါတယ်။ ကျနော်တို့ သက်သေတွေနဲ့ စစ်ဆေးကြည့်တော့ ပြင်ပဒဏ်ရာမရှိဘူး။ ဝမ်းဗိုက်ကတော့ ဖေါင်းနေတယ်။ ဦးလူကြီးဟာ အရက်ကို အလွန်အကျွံသောက်တတ်တဲ့ သူတစ်ယောက်ဆိုတာကို မိဘတွေ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ၄ ရက်နေ့ကတောင် အဲဒီချောင်းငယ်လေးကိုဖြတ်တုန်း ရေနစ်နေလို့ တခြားတစ်ယောက်ကဆယ်လို့ အသက်ကယ်နိုင်လိုက်ပါတယ်။ ” ဟု အပေါက်ဝရဲစခန်းမှူး ဦးဌေးဇော်က ဆိုသည်။

သေဆုံးသူဦးလူကြီးမှာ အရက်ကို ရက်ဆုံးနေဝင်ချိန်ထိ သောက်တတ်ပြီး အချိန်တိုင်းမူးနေတတ်ကြောင်းနှင့် မိခင်ပြောပြချက်အရ သေဆုံးသည့်နေ့ (မေလ ၆) နံနက် ၅ နာရီအချိန်က အိမ်ကအရက်မူးမူးဖြင့် ထွက်သွားပြီးအပေါက်ဝ (ရင်းဒါး) ကျေးရွာထဲရှိချောင်းငယ်ကို ဖြတ်သွားခဲ့ကြောင်းစခန်းမှူး ဦးဌေးဇော်က ပြောသည်။

ဦးလူကြီးမှာ ချောင်းငယ်တစ်ဘက်ကမ်းတွင် လက်သမားအလုပ်ကိုလုပ်ကိုင်ပြီး ကားလမ်းဘက်ကသွားလျှင် ဝေးသည့်အတွက် ချောင်းငယ်ကိုဖြတ်သန်းသွားရာကနေ ရေနစ်မြုပ်သေဆုံးခြင်းဖြစ်နိုင်ပြီး နံနက်ပိုင်းကနေပျောက်ဆုံးနေပြီး ညနေအချိန်မှ သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။  

ဦးလူကြီး၏အလောင်းကို ကျောက်တော်ဆေးရုံရင်ခွဲရုံ၌ စစ်ဆေးနေကြောင်း၊ ဆေးစစ်ချက်ကို မသိရသေးကြောင်းနှင့် အပြင်ဒဏ်ရာမတွေ့ရဘဲ အတွင်းဒဏ်ရာရှိ၊ မရှိစစ်ဆေးရန် အပေါက်ဝရဲစခန်းမှူးအပါအဝင် တာဝန်ရှိသူများ သွားရောက်နေကြောင်း သိရသည်။  

အပေါက်ဝကျေးရွာမှာ ပြားမူဆလင်ကျေးရွာနှင့် နီးစပ်နေသောကြောင့် ဦးလူကြီးသေဆုံးမှုမှာ မသင်္ကာစရာရှိနေ၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ထိရောက်စွာစုံစမ်းစစ်ဆေးပေးရန် ဦးလူကြီး၏ အစ်ကိုဖြစ်သူ ဦးကျော်ထွန်းအေး က DMG သို့ ပြောသည်။  

ဦးလူကြီးသေဆုံးမှုနှင့်ပတ်သက်ပြီး အပေါက်ဝရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၇ ဖြင့် အမှူဖွင့်ထားကာ စုံစမ်းစစ်ဆေးနေကြောင်း စခန်းမှူး ဦးဌေးဇော်က ပြောကြားခဲ့သည်။ 

 

ဗီဒီယိုများ