မြောက်ဦးခေတ်စာဆို ဖဒူမင်းညိုအား ဂုဏ်ပြုသောအားဖြင့် ဖဒူမဂ္ဂဇင်းထုတ်ဝေမည်

ရခိုင်ပြည်၊ မြောက်ဦးခေတ်၊ ဘစောဖြူမင်းလက်ထက်က မြန်မာစာပေလောကနှင့် ရခိုင်စာပေလောကတွင် အစောဆုံးနှင့် အကောင်းဆုံးဧချင်းကို ရေးစပ်သီကုံးခဲ့သည့် နန်းတွင်းစာဆို ဖဒူမင်းညိုအား ဂုဏ်ပြုသောအားဖြင့် ဖဒူမဂ္ဂဇင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

30 Aug 2017

သြဂုတ်လ ၃၀ ရက်နေ့၊ ၂၀၁၇ ခုနှစ်၊ (DMG) ။    ။   ရခိုင်ပြည်၊ မြောက်ဦးခေတ်၊ ဘစောဖြူမင်းလက်ထက်က မြန်မာစာပေလောကနှင့် ရခိုင်စာပေလောကတွင် အစောဆုံးနှင့် အကောင်းဆုံးဧချင်းကို ရေးစပ်သီကုံးခဲ့သည့် နန်းတွင်းစာဆို ဖဒူမင်းညိုအား ဂုဏ်ပြုသောအားဖြင့် ဖဒူမဂ္ဂဇင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

အဆိုပါ ဖဒူမဂ္ဂဇင်းအား ပေါက်တောမြို့နယ်၊ ဖဒူကျေးရွာရှိ ဖဒူစာပေအသင်း (PLG)မှ စီစဉ်ပြီး ထုတ်ဝေသွားမည်ဖြစ်ကာ ကလောင်အသစ်၊ ကလောင်ဟောင်းမရွေး ရွေးချယ်ဖော်ပြပေးသွားမည်ဟု ဖဒူစာပေအသင်း (PLG) မှ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဝင်းဇော်က ပြောကြားသည်။

“ ဖဒူမင်းညိုကို ဂုဏ်ပြုပြီးတော့ မဂ္ဂဇင်းထုတ်ဝေသွားမှာပေါ့နော်။ ဖဒူမှာ စာပေဝါသနာရှင်တွေလည်း အများကြီး ရှိပါတယ်။ သူတို့လည်း ကလောင်သွေးခွင့်ရအောင်အတွက်လည်း ရည်ရွယ်ချက်မှာပါပါတယ်။ မဂ္ဂဇင်းမှာ ကလောင်သစ်၊ ကလောင်ဟောင်းမရွေး သင့်တော်တဲ့ စာမူတွေကို ရွေးချယ်ဖော်ပြပေးသွားမှာပါ။ ကဗျာ၊ ဝတ္တု၊ အက်ဆေး၊ ဆောင်းပါး၊ သတင်းဆောင်းပါးနဲ့ သရော်စာတွေကို ပေးပို့လို့ရပါတယ်။ ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း မဂ္ဂဇင်းများထုတ်ဝေ၍ စာပေကဏ္ဍများတွင် လုပ်ဆောင်နေမှုများအား အားရကျေနပ်မိပြီး ယင်းကဲ့သို့ လုပ်ဆောင်နေရာတွင် ဖဒူမဂ္ဂဇင်းအနေဖြင့်လည်း ရခိုင်ပြည်နယ်၏ စာပေတာဝန်အား အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ထမ်းဆောင်စေလိုသည့်ဆန္ဒဖြင့် ယခုကဲ့သို့ မဂ္ဂဇင်းထုတ်ဝေရန် စီစဉ်ရခြင်းဖြစ်သည်ဟု ဖဒူစာပေအသင်း (PLG)မှ ကိုအောင်ဝင်းဇော်က ဆက်လက်ပြောကြားသည်။

ပေါက်တောမြို့နယ်တွင် မြို့နယ်အတွင်းရှိ စာရေးဆရာများစုပေါင်းပြီး ပေါက်တောရွှေမြေမဂ္ဂဇင်းတစ်ခုအား ထုတ်ဝေခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ထုတ်ဝေမှုရပ်ဆိုင်းခဲ့ခြင်းဖြစ်ကာ မြို့နယ်မဂ္ဂဇင်းမရှိသည့်ကာလတွင် ဖဒူမဂ္ဂဇင်းအား ထုတ်ဝေရန်စီစဉ်နေသည့်အတွက် ပေါက်တောမြို့နယ်အတွက် စာပေကဏ္ဍဘက်တွင် အားရဝမ်းသာစရာတစ်ခုဖြစ်ကြောင်း ပေါက်တောမြို့မှ တန်းခိုးဆရာထွန်း စာပေဆုရ စာရေးဆရာ ခိုင်မင်းစောက ပြောဆိုသည်။

“ ဒါကတော့ ပေါက်တော ရွှေမြေမဂ္ဂဇင်းတောင် ရပ်နေတဲ့အချိန်မှာ ပေါက်တောရွှေမြေ မဂ္ဂဇင်းကိုယ်စားလို့ ပြောပြော၊ ပေါက်တောမြို့နယ်အတွက် စာပေနဲ့ပတ်သတ်လို့ အားဆေးတစ်ခွက်ပေါ့ဗျာ။ သမိုင်းအနေနဲ့ပေါ့နော်၊ ဖဒူရွာကထုတ်တယ်ဆိုရင် အမြဲတမ်းအားပေးသင့်တဲ့ မဂ္ဂဇင်းတစ်စောင်လည်း ဖြစ်ပါတယ်။ ” ဟု ၎င်းကပြောကြားသည်။

ဖဒူစာပေအသင်း (PLG) အနေဖြင့် ဖဒူမဂ္ဂဇင်းအား လာမည့်ဇန်နဝါရီလကစတင်ပြီး (၆) လတစ်ကြိမ် ပုံမှန်ထုတ်ဝေသွားမည်ဖြစ်ကာ ဖဒူမင်းညိုနှင့် ပတ်သတ်ပြီး စာရေးဆရာများ ပြုစုရေးသားထားသည့် ဆောင်းပါး၊ ဝတ္တုများအားစုစည်းပြီး စာအုပ်အဖြစ်ထုတ်ဝေရန် ထပ်မံစီစဉ်နေကြောင်းလည်း ဖဒူစာပေအသင်း(PLG) မှ သိရှိရသည်။

ဗီဒီယိုများ