မြောက်ဦးမြို့နယ် ထမ္မရာဇ်ရပ်ကွက်မှာ တောင်သူလယ်သမား သမဂ္ဂဖွဲ့စည်း

မေလ ၇ ရက်၊ ၂၀၁၇ ခုနှစ်၊ မြောက်ဦး (DMG) ။      ။  တာင်သူလယ်သမားတို့၏ အခွင့်အရေးနှင့် လယ်သိမ်းခံရမှူများကို ဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် မြောက်ဦးမြို့နယ် ထမ္မရာဇ်ရပ်ကွက်မှာ လယ်သမား ၄၀ ခန့်ပါဝင်သည့် တောင်သူလယ်သမားသမဂ္ဂကို ယနေ့ (မေလ ၇) ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

07 May 2017

 (မေလ ၇ ရက်နေ့က မြောက်ဦးမြို့နယ် ထမ္မရာဇ်ရပ်ကွက်၌ တောင်သူလယ်သမားသမဂ္ဂကို ဖွဲ့စည်းခဲ့ကြသည်။ ဓါတ်ပုံ - ခိုင်မင်းထွန်း) 

မေလ ၇ ရက်၊ ၂၀၁၇ ခုနှစ်၊ မြောက်ဦး (DMG) ။      ။  တာင်သူလယ်သမားတို့၏ အခွင့်အရေးနှင့် လယ်သိမ်းခံရမှူများကို ဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် မြောက်ဦးမြို့နယ် ထမ္မရာဇ်ရပ်ကွက်မှာ လယ်သမား ၄၀ ခန့်ပါဝင်သည့် တောင်သူလယ်သမားသမဂ္ဂကို ယနေ့ (မေလ ၇) ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ထမ္မရာဇ်ရပ်ကွက်မှာ လယ်သမား ၇၀ ကျော်ရှိသည့်အထဲ ၄၀ ခန့်တက်ရောက်ကာ တောင်သူလယ်သမားသမဂ္ဂကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ဦးသိန်းမောင်က ပြောသည်။

“ ကျနော်တို့ကတော့ လယ်ယာမြေဖွံ့ဖြိုးတိုးတက်ရေး၊ မြေသိမ်းယာသိမ်းတွေမှာ ဥပဒေနဲ့အညီ ဆောင်ရွက်တတ်ဖို့၊ ပြီးတော့ စပါးတွေကို စိုက်ပျိုးတဲ့နေရာမှာ နည်းစနစ်မှန်မှန် စိုက်ပျိုးနိုင်ဖို့၊ စိုက်ပျိုးလို့ ရလာတဲ့ စပါးတွေကို ဈေးဈေးကောင်းကောင်းရအောင် ဈေးကွက်ဖော်ဆောင်ဖို့ စတဲ့ ဒီအချက်တွေကို ဦးစားဆောင်ရွက်ဖို့ ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ” ဟု ထမ္မရာဇ်တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဌ ဦးသိန်းမောင်က ဆိုသည်။

ထမ္မရာဇ်ကျေးရွာမှ လယ်သမားများ ပိုင်ဆိုင်သော လယ်ယာမြေများမှာ ယခင် မြောက်မြို့သစ်ရပ်ကွက် တိုးချဲ့ရာတွင် လယ်ယာမြေ ဧက ၅၀၀ ကျော် သိမ်းဆည်းခံခဲ့ရကြောင်း၊ ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်က စစ်တွေ-အမ်း-မင်းဘူး မီးရထားလမ်းစီမံကိန်းကြောင့် လယ်ယာမြေ ၃၀ ဧက ခန့် သိမ်းဆည်းခံခဲ့ရခြင်းကို အဆိုပါ သမဂ္ဂအဖွဲ့က ဥပဒေအရ ဆောင်ရွက်သွားမည်ဟု ဦးသိန်းမောင်က ပြောသည်။

ဆက်လက်ပြီး ပြည်နယ်အစိုးရမှ အကောင်အထည်ဖော်မည့် ယခု လျာထားသော မြောက်ဦးမြို့သစ်စီမံကိန်းတွင် ထမ္မရာဇ်ကျေးရွာမှ လယ်ယာမြေများအားလုံးမှာ စီမံကိန်း၌ ပါဝင်မည်ဖြစ်၍ လယ်သမားများမှာ မတရားသိမ်းဆည်းခံရမည်ကို စိုးရိမ်နေကြသည်။

မြောက်ဦးမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေး တောင်သူလယ်သမားများ ဥပဒေအထောက်အပြုကွန်ယက် (မြောက်ဦးခရိုင်) မှ ကူညီပံ့ပို့ပေးနေကြောင်း စီမံကိန်းမန်နေဂျာ ကိုကျော်ထွီးက ပြောသည်။

မြောက်ဦးမြို့နယ် လျှာရှည်ပြင်ကျေးရွာ၊ ပေါက်ပင်ကွင်းကျေးရွာ၊ ကိုတလုတ်ကျကျေးရွာနှင့် ကြာကံနှင့်ကျီးဖြူချောင်းကျေးရွာတို့တွင် တောင်သူလယ်သမားသမဂ္ဂကို ဖွဲ့စည်းထားပြီး ယခု (၅) ရွာမြောက် ထမ္မရာဇ်ရပ်ကွက်္ဗ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆက်လက်ပြီး မြောက်ဦးမြို့နယ်ရှိ လယ်သမားသမဂ္ဂ မဖွဲ့စည်းရသေးသော ကျေးရွာများကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပြည်နယ်လုံးဆိုင်ရာ လယ်သမားသမဂ္ဂအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

မြောက်ဦးမြို့နယ်အပါအဝင် ရခိုင်တစ်ပြည်နယ်လုံး၌ တောင်သူလယ်သမားများမှာ ယခု စပါးဝယ်ယူမည့်သူ မရှိသည့်အတွက် စပါးဈေးကျဆင်းနေ၍ စိုက်ပျိုးရေးဘဏ်မှ ချေးငွေများကို အပြည့်အ၀ မဆပ်နိုင်ကြကြောင်း မြောက်ဦးတောင်သူများက ပြောဆိုကြသည်။

ဗီဒီယိုများ