စက်တင်ဘာလ ၈ ရက်နေ့ကစပြီး မဲဆွယ်စည်းရုံးရေးစတင်နိုင်ပြီ

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအချိန်အထိ ရက်ပေါင်း (၆၀) ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

06 Sep 2020

ပြီးခဲ့သည့် ရွေးကောက်ပွဲတုန်းက ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်စည်းရုံးရေးမြင်ကွင်းတစ်ခု။

မင်းထွန်း | DMG
စက်တင်ဘာ ၆ ၊ စစ်တွေ

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအချိန်အထိ ရက်ပေါင်း (၆၀) ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိတွင် COVID-19 ရောဂါဖြစ်ပွားနေသည့်အတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာဆောင်ရွက် နိုင်ရန်ထုန်ပြန်မည့် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်၊ သက်ဆိုင်ရာအချိန်ကာလ၊ နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အထူးအလေးထားပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် လွတ်လပ်၍တရားမျှတပြီး အေးချမ်းတည်ငြိမ်သည့် ရွေးကောက်ပွဲများဖြစ်စေရန်၊ COVID-19 ရောဂါပြန့်ပွားမှု မရှိစေရန်အတွက် ညွှန်ကြားချက်၊ ကျင့်ဝတ်၊ လမ်းညွှန်ချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ချက်စည်းကမ်းများသည် နိုင်ငံရေးပါတီများ၏ စည်းရုံးရေးလုပ်ငန်းများကို အဟန့်အတားဖြစ်နေကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)မှ အတွင်းရေးမှူး ဦးမျိုးကျော်က ဆိုသည်။

“နိုင်ငံရေးပါတီဆိုတာက လူချင်းတွေ့ဆုံပြီး ကျနော်တို့ပြောချင်တဲ့ သတင်းစကားကို ပြောရတယ်၊ လူစုဖွဲ့ပြီး ဟောပြောရတယ်။ နောက်ပြီး အခုအချိန်မှာ ပါတီတွေကလည်း ရွေးကောက်ပွဲကမ်ပိန်းမတိုင်မီ ပါတီတည်ဆောက်ရေးလုပ်ငန်းကို လုပ်နေတဲ့အချိန်ကာလဖြစ်တယ်။ ဒီအချိန်မှာ ကိုဗစ်ကြောင့် စည်းကမ်းချက်တွေဟာ နိုင်ငံရေးပါတီတွေရဲ့စည်းရုံးရေးမှာ လာပြီးတော့အဟန့်အတားဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကြောင့် ပါတီစည်းရုံးရေးလုပ်ငန်းများအတွက် အကန်အသတ်များ ရှိနေသည့်အချိန်တွင် အင်တာနက်ကိုအားကိုးပြီး အွန်းလိုင်းမှတစ်ဆင့် မဲဆွယ်စည်းရုံးသွားရန်အတွက်လည်း မြို့နယ်အများအပြားတွင် 2G အင်တာနက်လိုင်းသာရရှိခြင်းကြောင်း မဲဆွယ်စည်းရုံးရန် အခက်အခဲများရှိနေကြခြင်း ဖြစ်သည်။

“အင်တာနက်ဖွင့်ပေးလိုက်ပြီဆိုပြီးတော့ နာမည်ပဲရှိတယ်။ 2G ဆိုတော့ ဘယ်လိုမှအင်တာနက်ကို ကောင်း ကောင်းမွန်မွန် အသုံးချလို့မရနိုင်ဘူး။ နောက်တစ်ခုက အင်တာနက်မရတဲ့အတွက် တစ်ခုမှလုပ်ဆောင်နိုင်တာ မရှိဘူး။ မဲဆွယ်စည်းရုံးဖို့ အင်တာနက်ကိုအသုံးပြုဖို့က အလွန်တရာခက်ခဲပါတယ်” ဟု ရခိုင်အမျိုးသားပါတီ (ANP)မှ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင် နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများကို 2G သာ သုံးစွဲခွင့်ပြုထားသဖြင့် အင်တာနက်သုံးစွဲခွင့် အပြည့်အဝမရရှိခြင်းဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိသည့် မြို့နယ်များရှိနေကြောင်း စက်တင်ဘာလ ၂ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောဆိုထားသည်။

သို့သော် အဆိုပါမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်/မကျင်းပနိုင်ကြောင်းကို ရွေးကောက်ပွဲနီးသည့် အချိန်အခါတွင် အချိန်မီကြေငြာသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလအတွင်း ရွေးကောက်ပွဲကို လက်ရှိတွင် ရွေးဆိုင်းရန်မရှိသေးသော်လည်း ရွှေ့ဆိုင်းမည့်နေ့ရက်ကို အောက်တိုဘာလအတွင်းတွင် ကြေငြာမည် ဖြစ်ကြောင်း ဦးမြင့်နိုင်က ဆက်လက်ဆိုသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။

ဗီဒီယိုများ