ပြည်နယ်ဘဏ္ဍာရေး အစည်းအဝေးတွင် သတင်းသွားယူသည့် သတင်းသမားများ မောင်းထုတ်ခံရ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ပြုလုပ်သော ပြည်နယ်ဘဏ္ဍာရေးဆိုင်ရာ ၆ လပတ်အစည်းအဝေးကို သတင်းသွားယူသည့် စစ်တွေအခြေစိုက် သတင်းသမားများကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိန်က သတင်းရယူခွင့်ကို ပိတ်ပင်ပြီး မောင်းထုတ်လိုက်ကြောင်း သတင်းသမားများက ပြောသည်။

09 Oct 2017

(ယနေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ခန်းမတွင် ပြည်နယ် ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်နေစဉ်။ ဓါတ်ပုံ - မောင်ဇော်ခိုင်၊ ဒီအမ်ဂျီ)

စစ်တွေ၊ အောက်တိုဘာလ ၉ ရက်၊ DMG ။   ။   ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ပြုလုပ်သော ပြည်နယ်ဘဏ္ဍာရေးဆိုင်ရာ ၆ လပတ်အစည်းအဝေးကို သတင်းသွားယူသည့် စစ်တွေအခြေစိုက် သတင်းသမားများကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိန်က သတင်းရယူခွင့်ကို ပိတ်ပင်ပြီး မောင်းထုတ်လိုက်ကြောင်း သတင်းသမားများက ပြောသည်။

အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ သတင်းသမားများကို မောင်းထုတ်ခြင်းသည် လုံးဝမရိုးသားသလို ယခုအစည်းအဝေး၏ နောက်ကွယ်တွင် တစ်ခုခု ရှိနိုင်ကြောင်း DVB သတင်းထောက် ကိုဝဏ္ဏခွာညိုက ပြောသည်။

“ ကျနော်တို့ သတင်းယူကြတယ်၊ ဓါတ်ပုံရိုက်ကြတယ်။ တစ်နာရီလောက်အကြာ နောက်ပိုင်းမှာ သတင်းယူလို့ မရတော့ဘူး မင်းတော့ ထွက်ကြတော့ ပြောတယ်။ နှင်ထုတ်တာပေါ့လေ။ ကျနော်တို့က ဘာကြောင့် သတင်းယူလို့ မရလဲ မေးတယ်။ မင်းတို့ယူမယ်ဆိုရင်တော့ စာတွေ၊ ဘာတွေ တင်ရမယ်ပေါ့။ ပြန်ကြာရေးဌာနကို ၂ ရက်လောက် ကြိုပြီး တင်ရမယ်ပေါ့။ အရင်ကလည်း ကျနော်တို့ ခါတိုင်းယူနေကြပေါ့လေ။ ဒီနေ့ကျမှ သူတို့က ကန့်ကွက်တယ်၊ နှင်ထုတ်တယ်ဆိုတော့ ဒါက ကျနော်အမြင်က လုံးဝ မရိုးသားဘူးလို့ မြင်တယ်။ တစ်ခုခုများ နောက်ကွယ်မှာ ဘာများရှိလဲပေါ့။ အစကတည်းက မီဒီယာသမားတွေ လုံးဝမဝင်ရဘူးဆိုရင် မဝင်ရဘူးလို့ ပြောရမှာ။ သတင်းယူနေတဲ့အချိန်ခါမှ တစ်ဝက်လောက် ရောက်ခါမှ သတင်းသမားတွေကို နှင်ထုတ်တာကြတော့ သိပ်မရိုးသားဘူးလို့ မြင်တယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိန်က သတင်းသမားများကို ယခုလို ပြောဆိုပြီး သတင်းရယူခွင့်ကို ပိတ်ပင်ခဲ့သည်။

“ မတားဘူးဆိုတာက အရင်တုန်းက စည်းကမ်းမရှိလို့ကွာ။ အခုစည်းကမ်းရှိလို့ လုပ်တယ်ကွာ။ တားတယ်။ မင်းတို့ လမ်းကြောင်းအတိုင်းလုပ်။ ငါရိုးရိုးလေးပြောတာ။ ကဲ့ … အဲဒါ မင်းတို့အဖြေ။ ငါတာဝန်ရှိတဲ့ တယောက်အနေနဲ့ ပြောနေတာ။ မင်းလည်း ငါ့ကို မသိဘူး။ ငါလည်း မင်းတို့ကို မသိဘူး။ ငါတို့ ဘာမှန်းမသိတဲ့ သူတွေက အထဲက ရိုက်ချင်တာကိုရိုက်၊ လုပ်ချင်တာလုပ်နေတာကို ငါတို့က ခွင့်ပြုလို့ မရဘူး။ မင်းတို့မှာ ကဒ်တွေ ပါဝင်ရမယ်။ မင်းတို့ လမ်းကြောင်းလေးအတိုင်း လုပ်ရမယ်။ ” ဟု ပြောသည်။

ဒီမိုကရေစီ အစိုးရလက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်း သတင်းရယူသည့်အခါ တစ်ကြိမ်မှ နှင်ထုတ် မခံရဖူးကြောင်း၊ ယခုမောင်းထုတ်ခြင်းမှာလည်း အစိုးရအဖွဲ့၏ ဟာကွက်ကို သိမည်စိုးရိမ်၍ မောင်းထုတ်ခြင်းဖြစ်ကြောင်း အလွတ်သတင်းထောက် ကိုမိုးအောင်က ပြောသည်။

“ အထွေထွေအုပ်ချုပ်ရေးရုံးက တာဝန်ရှိတဲ့ တစ်ဦးက ကျနော်တို့ကို ဆွဲတယ်ဗျ။ ဆွဲတယ်ဆိုတာက မင်းတို့ ဒီနေရာမှာ သတင်းရယူခွင့် မရှိဘူးပေါ့။ မင်းသတင်းရယူမယ်ဆိုရင် ကြိုပြီး စာတင်ရမယ်ပေါ့။ တကယ်တော့ ပြီးခဲ့တဲ့ အစိုးရ ၅ နှစ်ရော၊ ဒီအစိုးရရဲ့ လက်ထက် ၂ နှစ်ပေါ့နော်။ ၇ နှစ်ပေါ့။ ကျနော်တို့ သတင်းသမားလုပ်လာတာပါ။ ဒီမိုကရေစီအစိုးရလက် ဒီလိုမျိုး ဖြစ်စဉ်မျိုး တစ်ခါမှ မဖြစ်ဖူး။ တချို့ သတင်းရယူတဲ့အခါမှာ သူတို့ရဲ့ ဟာကွက်တွေကို သိသွားမှာစိုးရလို့ ကျနော်တို့ကို သတင်းယူမနေနဲ့တော့ပေါ့။ အဲဒါကြောင့် ကျနော်တို့ကို အပြင်နှင်ထုတ်လိုက်တာလို့ ယုံကြည်တယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် သတင်းထုတ်ပြန်ရေး အလွန်အားနည်းကြောင်း၊ ပြန်ကြားရေးတာဝန် ပေးထားသော စည်ပင်ဝန်ကြီးကိုလည်း ဆက်သွယ်မှု အလွန်ခက်ခဲကြောင်း၊ သတင်းသမားများကို သတင်းရယူခွင့် ပိတ်ပင်တားဆီးခြင်းသည် ပြည်သူများ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်းခြင်းဖြစ်ကြောင်း Development Media Group (DMG) သတင်းဌာနမှ ဒု-တာဝန်ခံ အယ်ဒီတာ ကိုဧကရာဇ်က သုံးသပ်ပြောဆိုသည်။

ယနေ့ ပြည်နယ်အစိုးရအဖွဲ့ ၆ လပတ် ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးသို့ သတင်းယူသည့်ဌာနများမှာ DVB ၊ MCN TV News၊ Development Media Group၊ ရခိုင်ဂေဇက်ဂျာနယ် ၊ RiA နှင့် အလွတ်သတင်းထောက် မိုးအောင် တို့ဖြစ်သည်။

ဗီဒီယိုများ